၉. ၂. ၂၀၂၄
Written by Ye Kyaw
မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိမှုအချိုး ရာခိုင်နှုန်း ၇၀ ခန့် ရရှိသုံးစွဲနေပြီ ဖြစ်သော်လည်း ဓာတ်အားလိုအပ်ချက် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်နေ၍ ရာနှုန်းပြည့်ရရှိစေရန်အတွက် ဘဏ္ဍာရေးအခက်အခဲနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုများ လိုအပ်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်သည့် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၂၄)၌ ပြောကြားခဲ့သည်။
နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိရာ လက်ရှိ ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ် အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (Gas+ LNG+ Coal)မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်း ရှိပြီး လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုး (Electrification Ratio) မှာ ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းကျော် ရရှိသုံးစွဲနေကြပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
နိုင်ငံတော်၏ မူဝါဒပန်းတိုင်သို့ ရောက်ရှိနိုင်ရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ၊ နည်းပညာဆိုင်ရာ ပံ့ပိုးမှုများနှင့် လူသားအရင်းအမြစ်များ အရေးတကြီး လိုအပ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန်ကို (၂၉၇) သန်းမှ (၁၄၄) သန်းသို့ လျှော့ချသွားရန် ရည်မှန်းထားသည့် (Nationally Determined Contribution-NDC) အရ Conditional Target ကို ပြည့်မီစေရန် စိန်ခေါ်မှုများနှင့် အတားအဆီးအချို့လည်းရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားပြီးသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ခြောက်ရုံရှိပြီး တည်ဆောက်ဆဲ စီမံကိန်း ၁၁ ခုရှိကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကို နည်းပညာအသစ်ဖြင့် ဆောင်ရွက်မှုအရ ထုတ်လုပ်မှုစွမ်းအားနှင့် စျေးနှုန်းသင့်လျော်မှုရှိခြင်းတို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဆိုပါက ပြန်ပြည့်မြဲစွမ်းအင်၏ အချိုးအစားသည် တိုးတက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။