
အောင်မြေသာစံတွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်၍ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိမှုနှင့် အမရပူရတွင် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ မီးလောင်ကျွမ်းကာ နေအိမ် ၃ လုံး မီးထဲပါသွား
၉. ၂. ၂၀၂၄
Written by Pan Ei
မန္တလေးမြို့တွင် တစ်နေ့တည်း နာရီပိုင်းခြားအနည်းငယ်အတွင်း မီး ၂ နေရာလောင်ကျွမ်းမှု ယနေ့နံနက်အရုဏ်မတက်မီအချိန်က ဖြစ်ပွားခဲ့ကာ လူ ၆ ဦးဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးမီးထဲပါသွားကြောင်း တိုင်းမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၉ ရက်နေ့) နံနက် ၁ နာရီ ၃၇ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အကွက်အမှတ်(၁၆၁)၊ ၂၂-၂၃ လမ်းကြား၊ ၈၃ လမ်းပေါ်ရှိ အသက် ၃၀ အရွယ်အမျိုးသားပိုင်ဆိုင်သော RC ၆ လွှာ(၂၀×၄၀)ရှိ BLACK PANTHER(ဖုန်းမှန်မကွဲသီးသန့်)ဆိုင် ဒုတိယထပ်၌ ဖုန်းကာဗာဂျပ်ဖာပေါ်တွင် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်ရာသို့ တိုင်းမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ Level 2 အဆင့် အုပ်ချုပ်မှုယာဥ်(၃)စီး၊ အဆင့်မြင့်မီးငြှိမ်းသတ်ယာဥ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃၅)စီး၊ ရေသယ်ယာဉ်(၁၅)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၇၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၃၀)ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ရေဂါလန် (၈၀၀၀၀)ခန့်ဖြင့် အသုံးပြု ငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီ ၄၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၄ နာရီ ၂၁ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

“မီးက လူတွေအိပ်ကောင်းနေတဲ့အချိန်မှာ လောင်တာဖြစ်တော့ အသိနောက်ကျတာလည်းဖြစ်မယ်။ မနက်က မီးက အောင်မြေသာစံမှာ လောင်လို့ မကြာသေးဘူး အမရပူရမှာပါ ထပ်လောင်တယ်။ ဖုန်းကာဘာဆိုင်ကတော့ လူတွေထိခိုက်ဒဏ်ရာရကြပြီး မစိုးရိမ်ရပါဘူး။ အမရပူရကတော့ လူနေအိမ် ၃ လုံးလောက် မီးထဲပါသွားတယ်။ နှစ်နေရာလောင်တော့ မီးသတ်ဝန်ထမ်းတွေလည်း တော်တော်ပင်ပန်းသွားကြတယ်”ဟု မီးလောင်ရာတွင် ပါဝင်ကူညီပေးခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုမီးလောင်မှုကြောင့် အခန်းအတွင်းရှိ ရေခဲသေတ္တာ ၂ လုံး၊ ဝါတာကိုလာ ၈ လုံး၊ တရုတ်ကလစ် ၁ စီး၊ ဖုန်းကာဗာဆက်စပ်ပစ္စည်း သိန်း ၈၀ ကျပ်ခန့်၊ စုစုပေါင်းဆုံးရှုံးမှုကာလတန်ဖိုးကျပ် ၁၉၅ သိန်းခန့် ဆုံးရှုံးခဲ့ပြီး ဆိုင်ဝန်ထမ်းအမျိုးသမီး ၅ ဦး၊ အမျိုးသား ၁ ဦးတို့ ဒဏ်ရာ(မစိုးရိမ်ရ)များ အသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်များဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ယင်း BLACK PANTHER (ဖုန်းမှန်မကွဲသီးသန့်)ဆိုင်တွင် အသက် ၃၅ နှစ်အရွယ် မန်နေဂျာအမျိုးသားဖြစ်သူဦးစီး၍ ဝန်ထမ်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၂ဝ ဦးတို့ရှိကြောင်းနှင့် ယခုကဲ့သို့ မီးပေါ့ဆစွာအသုံးပြုခဲ့သဖြင့် ဆိုင်မန်နေဂျာအား အမှတ်(၅)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
အလားတူပင် ယနေ့နံနက် ၂နာရီ ၄၀ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်၊ ကန်တော်ရပ်(ဒေသအခေါ်)တွင် နေထိုင်သော အသက် ၅၇ နှစ်အရွယ် အမျိုးကြီးပိုင်ဆိုင်သာ ထရံကာသွပ်မိုး ၂ ထပ် ပျဉ်ထောင်အိမ်အောက်ထပ် အိပ်ခန်းတောင်ဘက်ရှိ ရေခဲသေတ္တာတွင် တပ်ဆင်အသုံးပြုသည့် Safe Guard အပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်ရာသို့ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်မျိုးထက် ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် ၇၆ ဦး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၆)စီး၊ မီးသတ်ယာဉ်(၄)စီးနှင့် ရပ်ကွက်သူရပ်ကွက်သားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၁၃ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ထရံကာသွပ်မိုးနှစ်ထပ်ပျဉ်ထောင်အိမ် ၂ လုံး၊ အုတ်နံရံကပ်တစ်ထပ်အိမ် ၁ လုံး၊ စုစုပေါင်းနေအိမ် ၃ လုံးနှင့် ဆိုင်ကယ် ၂ စီးတို့ မီးထဲပါသွားကာ(စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၅၃၇၅၀၀၀ ခန့် )မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မီးလောင်ဆုံးရှုံမှု ဖြစ်ပွားအောင် လျှပ်စစ်မီးပေါ့ဆစွာ အသုံးပြုသူ ဦး..…….၅၇ နှစ်အား အမရပူရပူရမြို့မရဲစခန်းမှ (ပ)၁၉/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။














