၉. ၂. ၂၀၂၄
Written by Pan Ei
ကြီးမားတဲ့ ခြေဖဝါးကြောင့် လူသိများတဲ့ ဒေါင်းတောင်ကြက်ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ (၁၈ မိုင်) အကွာရှိ ဒေါင်းတောင်ရွာမှာ မွေးမြူကြတာဖြစ်ပြီး နဂါးကြက်လို့လည်း လူသိများကာ အဲ့ဒီကြက်ကို တရုတ်နှစ်သစ်ကူး အားလပ်ရက်မှာ အများအားဖြင့် စားသုံးကြတာကြောင့် ရောင်းအားကောင်းနေတာလည်း ဖြစ်ပါတယ်။
နဂါးကြက်တွေဟာ ရှားပါးကြက်မျိုးစိတ်ဖြစ်ပြီး ဘီယာဗူးလောက်ရှိတဲ့ ကြီးမားတဲ့ခြေဖဝါးအနီလေးတွေပါရှိကာ ကြက်ဟာ ကြီးပြင်းလာတဲ့အခါ ၆ ကီလိုဂရမ် (၁၃ ပေါင်) အထိ အလေးချိန်ရှိပြီး အရင်ခေတ်ကတော့ တော်ဝင်မိသားစုတွေသာ စားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါင်းတောင်ကြက်အသားကိုစားရင် ကံကောင်းခြင်းနဲ့ စည်းစိမ်တွေကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ ယုံကြည်ကြတာလည်း ဖြစ်ပါတယ်။
ဒေါင်းတောင်ရွာမှာ အနည်းဆုံး တစ်နှစ်မွေးမြူထားတဲ့ အရွယ်ရောက်ပြီးသား နဂါးကြက်တစ်ကောင်ကို ၂၀၅ ဒေါ်လာကနေ တစ်ခါတစ်ရံ ဒေါ်လာ ၄၀၀ ကျော်အထိ ရောင်းရတယ်လို့ ရွာက ကြက်မွေးမြူရေးသမား Le Trong Dung က ပြောကြားခဲ့ပြီး ကြွပ်ရွတဲ့အသား၊ ထူးခြားတဲ့မွှေးရနံ့နဲ့ အရသာကြွယ်ဝတဲ့ အသားရှိတဲ့ ဒေါင်းတောင်ကြက်သားဝယ်လိုအားဟာ အာရှရဲ့ စီးပွားရေးအလျင်မြန်ဆုံးတိုးတက်နေတဲ့နိုင်ငံတစ်ခုမှာ ချမ်းသာကြွယ်ဝသူတွေကြောင့် သိသိသာသာမြင့်တက်လာတာလည်း ဖြစ်ပါတယ်။
အခုအခါ ကြက်တွေကို ဒေါင်းတောင်ရွာအပြင်ဘက်မှာပါ မွေးမြူနေကြပြီး စားသုံးသူ အများအပြားအတွက် အခွင့်အလမ်းတွေ ပေးလျက်ရှိပေမဲ့ ဒေသခံ စိုက်ပျိုးရေး အရာရှိ Phan Van Hieu ရဲ့ အဆိုအရ အဆိုပါ ကျေးရွာမှာ မွေးမြူထားတဲ့ စပါးနဲ့ ပြောင်းဖူးသာ ကျွေးမွေးထားတဲ့ ကြက်တွေက အရသာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပြီး အခုလက်ရှိမှာတော့ ထုတ်လုပ်မှုက ပြည်တွင်းဝယ်လိုအားကို မဖြည့်တင်းနိုင်သေးဘူးလို့ မွေးမြူသူတစ်ဦးက ပြောပါတယ်။
Ref; Reuters