October 21, 2024

၈. ၂. ၂၀၂၄
Written by Zaw Moe

လားရှိးမြိုရှိ စန်းရွှင်ဟိုတယ်အား KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေးကောက်ခံရာ ပေးဆောင်ခြင်းမရှိ၍ အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)၊ သုခလမ်းရှိ စန်းရွှင်ဟိုတယ်ရှေ့ ဒေသန္တရမိုင်းဟု ယူဆရသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါဟိုတယ်မှ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးဆေးပလယ်(၂၇)နှစ်၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၀)နေသူတွင် ယာလက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်းသွားလာသူ မချောစုအောင်(၁၈)နှစ်၊ ရပ်ကွက်(၅)၊ နယ်မြေ(၄)နေသူတွင် လည်ပင်းအရှေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ညို့သကြီး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသနိုင်ရေး လားရှိးမြိုပြည်သူ့ဆေးရုံသို့ ပိုဆောင်ထားရှိခဲ့ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်နှင့် လုံခြုံရေးအထောက်အကူပြု မှတ်တမ်းများအား စိစစ်ချက်အရ အမျိုးသား ၂ ဦးသည် KENBO 110 ဆိုင်ကယ်ဖြင့် ဟိုတယ်ရှေ့သိုရောက်ရှိလာပြီး ဆိုင်ကယ်အား ဟိုတယ်ရှေ့လမ်းဘေးတွင် ရပ်ထားခဲ့ကာ ၎င်းတို့ ၂ ဦးပြန်လည် ထွက်ခွာသွားပြီး မကြာမီ အဆိုပါဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စိစစ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့် KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲမှ အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စန်းရွှင်ဟိုတယ်သို့ လိပ်မူပြီး ၎င်းတို့အဖွဲထံ ဖေဖော်ဝါရီလ ၅ ရက်နေ့ မတိုင်မီ အခွန်ငွေအား မပျက်မကွက် လာရောက်ပေးသွင်းရန်နှင့် လာရောက်ဆက်သွယ် ပေးသွင်းခြင်းမရှိပါက ပြင်းထန်စွာအရေးယူမည်ဟု ခြိမ်းခြောက်ရေးသားထားသော ဆက်ကြေးကောက်ခံသည့် အကြောင်းကြားစာအား လာရောက်ပေးပိုခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အခွန်ငွေအား ဟိုတယ်မှ ပေးသွင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ အကြမ်းဖက် မိုင်းထောင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲမှ အကြမ်းဖက်ဖောက်ခွဲခဲ့သူ အမျိုးသား ၂ ဦးအား လားရှိးမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၀(ဈ)/၅၄ နှင့် အမှုဖွင့်လှစ်ပြီး တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *