October 21, 2024

၈. ၂. ၂၀၂၄
Written by Zaw Moe

လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ အရှေ့ဘက်ခြမ်း၌ ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ဇရပ်ကြီးမြို့အတွင်းနှင့် တပ်ရင်းဌာနချုပ်သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များအတွင်း ကားလမ်းဘေးနေရာတစ်ခု၌ လမ်းဘေးထိုးကျ ပျက်စီးနေသည့် အလင်းစေတမန်ပရတိတအသင်း လူနာသယ်ယာဉ်တစ်စီးအား တွေ့ရှိခဲ့ပြီး ယာဉ်အားရှင်းလင်းခဲ့ရာ ယာဉ်ပေါ်တွင် သောင်းကျန်းသူ အလောင်းအချို့နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အချို့တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

KNLA အဖွဲ့နှင့် PDF များအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ် အကြောင်းပြ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်‌ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

တစ်ချိန်တည်းတွင် ဇရပ်ကြီးမြို့အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေးလုပ်ငန်းများ အသေးစိတ် ဆောင်ရွက်ခဲ့ရာတွင် သောင်းကျန်းသူများ ခိုအောင်းခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ကားလမ်းဘေးအဆောက်အဦအတွင်း သောင်းကျန်းသူ အလောင်းအချို့နှင့်တူ ထပ်မံသိမ်းဆည်းရရှိခဲ့သော်လည်း သောင်းကျန်းသူအလောင်းများမှာ ပုံဖြင့်ဖော်ပြရန်မသင့်သဖြင့် ချန်လှပ်ထားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီ ၇ ရက်တွင် KNLA နှင့် PDF အဖွဲ့များက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခဲ့သဖြင့် တပ်မတော်မှ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူကာ အောင်မြင်စွာဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည်တွန်းလှန် တိုက်ခဲ့ပြီးဖြစ်၍ ယနေ့ နံနက်ပိုင်းတွင် ဇရပ်ကြီးမြို့အတွင်း အသေးစိတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဇရပ်ကြီးဒေသဖွံ့ဖြိုးရေးတွက် အရေးပါသည့် ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (အရှည် ၁၂၀၀ ပေ) သံကူကွန်ကရစ် အမျိုးအစား အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော မြို့ဆိုးတံတားအား ဖေဖော်ဝါရီ ၇ ရက် နံနက် ၄ နာရီအချိန်တွင် တပ်မတော်စစ်ကူစစ်ကြောင်းများ ဇရပ်ကြီးမြို့သို့ အချိန်မီ မရောက်ရှိစေရေးအတွက် တံတားလုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားသုံးပစ်ခတ်တိုက်ခိုက်၍ မိုင်းထောင်ဖောက်ခွဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်းများ၏ တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီး ပစ်ကူပေးမှုတို့ကြောင့် အထိနာစွာဖြင့် ဆုတ်ခွာထွက်ပေးရာတွင် မြို့တွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေနပ်မှုမရှိသည့် ဒေသခံပြည်သူအချို့၏ ရိုက်ကူးထားသော မှတ်တမ်းတင်ဓာတ်ပုံများကို နာကျည်းမှုဖြင့် ပေးပို့ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *