October 21, 2024

၇. ၂. ၂၀၂၄
Written by Nay Aung

မြန်မာ့နိုင်ငံရေးအခြေအနေက ခက်ခဲရှုပ်ထွေးကြောင်း၊ အာဆီယံအနေဖြင့် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် တစ်စုတစ်စည်းတည်း ညီညွတ်စွာရပ်တည်နေခြင်းကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်ချ်နန်က ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းပြောဆိုသည်။

အာဆီယံအနေဖြင့် မြန်မာပြည်သူများ အဆင်ပြေသာယာဝပြောရေးကို အဓိကဦးစားပေးရမည်ဖြစ်သည့် အတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ဆက်လက်ကူညီထောက်ပံ့ပေးရန် လိုအပ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ထို့အပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးကလည်း မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် အာဆီယံသဘောတူညီချက်ငါးချက်အကောင်အထည်ဖော်ရေးကို အဓိက ရည်ညွှန်းစရာအဖြစ် ဆက်လက်ထားရှိမည်ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံအားလုံး စုစည်းညီညွတ်စွာ ချဉ်းကပ်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးဖြစ်သော ဆမ်အမ်ကလည်း မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် အာဆီယံ သဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရန် သိသာတိုးတက်မှုမရှိသေးကြောင်း အချိန်ကြာလာလျှင်အခြေအနေဆိုးလာနိုင်ဖွယ်ရှိနေကြောင်း ပြောသည်။

သို့သော်လည်း စင်ကာပူနိုင်ငံသည် အာဆီယံသဘောတူညီချက်ငါးချက်ကို လျင်မြန်စွာအပြည့်အဝအကောင်ထည်ဖော်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် အခြားမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *