October 20, 2024

၈. ၂. ၂၀၂၄
Written by Hey Mar

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ PDF တွေအကြား တိုက်ပွဲကြောင့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ဒေသခံ တစ်သောင်းကျော် တောင်ငူမြို့ကို မနေ့က ဖေဖော်ဝါရီ ၇ ရက်နေ့ကစပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေ ပြောင်းရွေ့နိုင်ရေး ကူညီပေးနေတဲ့ တောင်ငူမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေကတစ်ဆင့် သိရပါတယ်။

စစ်ဘေးရှောင်လာသူတွေကို တောင်ငူမြို့ရှိ နဂါးရုံ ဘုန်းတော်ကြီးကျောင်း ၊ ရွှေမင်းဝံ ၊ ပေတော ၊ စကား စတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာထိုင်ခင်း ယာယီ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

“မနေ့က နေ့ခင်းပိုင်းလောက်ကတည်းက ဦးဇင်းတို့ ပရဟိတအသင်းတွေရဲ့ ကားတွေရော၊ မြို့ခံတွေရဲ့ကားတွေပါ စုပေါင်းပြီး နှစ်ဖက်အဖွဲ့အစည်းတွေကြား ရအောင်ကယ်ထုတ်ခဲ့ပါတယ်။ ဦးဇင်းကားနဲ့ ပေ ၅၀ အကွာလောက်မှာ လက်နက်ကြီးကျည်ကျကွဲတာတွေလည်း ကြုံရတယ်။ အခုထိတော့ အန္တရာယ်ကင်းကင်းနဲ့ လူ ၂၀၀၀ နီးပါး ဦးဇင်းတို့အသင်းက ခေါ်ထုတ်နိုင်ခဲ့ပါတယ်။ အခုထိလည်း မြို့ထဲနဲ့ ရွာခြေတွေပတ်ပြီး လူတွေကျန်သေးလားဆိုတာ ကြည့်နေ ဆော်ဩနေပါတယ်။ မြို့ထဲတော့ လူမရှိတော့ဘူး” လို့ တောင်ငူမြို့၊ ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနဲ့လူမှုကူညီရေးပရဟိတအသင်း တာဝန်ရှိသူက MT News ကို မိန့်ပါတယ်။

တောင်ငူမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး စစ်ဘေးရှောင် ၂၀၀၀ ဝန်းကျင်ရောက်ရှိနေကာ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ရင်း မြို့ခံပြည်သူက စောင့်ရှောက်ထားတာလည်း ရှိပါတယ်။ လက်ရှိမှာ ဇရပ်ကြီးမြို့က စစ်ဘေးရှောင်တွေအတွက် စားရေးသောက်ရေးကို ပရဟိတ အသင်းတွေက ထမင်းထုပ် ကူညီဖို့ လိုက်လံဆော်ဩနေတယ်လို့ သိရပါတယ် ။

မနေ့ကစပြီး ဇရပ်ကြီးမြို့က နယ်ခံတပ်ရင်းတွေကို KNLA နဲ့ BPLA အပါအဝင် PDF တွေက တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကြားမှာ ပြည်သူတွေသေဆုံးခဲ့သလို ဇရပ်ကြီးမြို့မှာလည်း နေအိမ်တွေမီးလောင်ပျက်စီးမှုရှိခဲ့တဲ့အပြင် ဒီနေ့မနက်အထိလည်း ဇရပ်ကြီးမြို့နဲ့ အနီးဝန်းကျင်မှာ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ပရဟိတအသင်းတွေက ကူညီကယ်ဆယ်နေပေမဲ့လည်း အကုန်လုံးကို ကယ်မထုတ်နိုင်သေးဘဲ ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေ ကျန်နေသေးတယ်လို့ သတင်းရရာနေရာတွေကို ဆက်လက်ကယ်ဆယ်နေတယ်လို့ စစ်ရှောင်တွေကို သွားရောက်ကူညီနေတဲ့ ပရဟိတအသင်းတချို့ကနေ သိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *