October 20, 2024

၈. ၂. ၂၀၂၄
Written by Ye Kyaw

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ အလုပ်အမှုဆောင်များသည် ဆယ်တန်းသာအောင်ပြီး အင်္ဂလိပ်စကားနားလည်သူတစ်ဦးမှမပါဟု လူမှုကွန်ရက်ပေါ်တွင်ရေးသားသူကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

“အသင်းဂုဏ်သိက္ခာ၊ အသင်းဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ဆောင်ရွက်မှုများအား တရားလွှတ်တော်ရှေနေများမှတစ်ဆင့် အွန်လိုင်းဥပဒေအရ အသင်းမှပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးအပ်သည်။” ဟု YGEA ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။

Gold အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook Group တစ်ခုတွင် ရွှေပွဲစားကြီး အမည်ဖြင့် Facebook အကောင့်ဖွင့်ထားသူက ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ အစည်းအဝေးကျင်းပနေသော ဓာတ်ပုံနှစ်ပုံကို အသုံး ပြုကာ “ပညာအရည်ချင်း ၁၀ တန်းအောင်သာရှိသော YGEA အလုပ်အမှုဆောင်များ၊ အင်္ဂလိပ်ဘာသာစကား နားလည်သူ တစ်ဦးမှ မပါရှိပါကြောင်း” ဟု ရေးသားခဲ့မှုအပေါ် YEGA က တရားစွဲဆိုသွားရန် အထက်ပါအတိုင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး MT News သတင်းဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) သို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “လောလောဆယ်တော့ အဲဒါနဲ့ ပတ်သက်လို့ ဘာမှ ဖြေဆိုခွင့်မရှိသေးပါဘူး။ ဒါကို နောက်မှာ သတင်း ထုတ်ပြန်ပေးပါ့မယ်” ဟု YGEA ၏ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြန်လည်ဖြေကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *