October 20, 2024

◼️ပါကစ္စတန် အနောက်ပိုင်းပြည်နယ်များ၌ အကြမ်းဖက်မှုများတိုးမြင့်လာနေ

၈. ၂. ၂၀၂၄
Translated by Htwe Ko Tun

ပါကစ္စတန်နိုင်ငံ၏ အနောက်တောင်ဘက် ဘလူးချိစတန်ပြည်နယ်အတွင်း ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အကြိုနေ့ဖြစ်သော ဖေ ဖော်ဝါရီ ၇ ရက်တွင် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲရုံးများကို ပစ်မှတ်ထားသည့် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၈ ဦးသေဆုံး၍ အများအပြားဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ဗုံးခွဲမှုများကို မတည်မငြိမ်ဖြစ်နေသော ဘလူးချိစတန်ပြည်နယ်၊ ခါနိုဇေးမြို့တွင် ISIL စစ်သွေးကြွအုပ်စုက ပြုလုပ်ခဲ့သည်ဟုသိရပြီး ပထမဗုံးကွဲမှုက အာဖဂန်နစ္စတန်နယ်စပ်အနီး ပီရှင်းခရိုင်အတွင်း၌ တစ်သီး ပုဂ္ဂလ အမတ်လောင်းတစ်ဦး၏ရုံးခန်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦးသေဆုံးပြီး လူ ၂၀ ကျော်ဒဏ်ရာရခဲ့သည်။

ဒုတိယဗုံးပေါက်ကွဲမှုက ကွီလာ ဆေဖူလာမြို့တွင် ဖြစ်ပွားခဲ့ပြီး Jamiat Ulema Islam (JUI) ခေါ် ပါတီတစ်ခု၏ရုံးခန်းတစ်ခုအနီးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပါတီက ယခင်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်ခဲ့ဖူးပြီး ယခု ပေါက်ကွဲမှု၌ အနည်းဆုံး လူ ၁၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့သည်။ ထိုပေါက်ကွဲမှုကိုလည်း ISIL အုပ်စုက ၎င်းတို့ပြုလုပ်ခဲ့ခြင်းဟု ပြောခဲ့ကြသည်။

အဆိုပါဗုံးပေါက်ကွဲမှုများအပြီးတွင်မူ ပါကစ္စတန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နှင့် အာဖဂန်နစ္စတန်တို့နှင့်ထိစပ်နေသော ပါကစ္စတန်နိုင်ငံ၏ အနောက်ဘက်နယ်စပ်ဖြတ်ကျော်ဂိတ်များကို ဖေဖော်ဝါရီ ၉ ရက်အထိပိတ်ထားမည်ဟု ကြေညာခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရီးစ်က လူအများအပြားသေကြေဒဏ်ရာရစေခဲ့သော အဆိုပါ ဗုံးခွဲမှုများအား ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်အာဏာပိုင်များကလည်း ဖေဖော်ဝါရီ ၈ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲနေ့ လုံခြုံမှုရှိစေရေးအတွက် မဲရုံများ၌ လုံခြုံရေး အင်အားကို တိုးမြှင့်သွားမည်ဟု ပြောခဲ့ကြသည်။

ပါကစ္စတန် တပ်ဖွဲ့များမှာလည်း နိုင်ငံအနောက်မြောက်ဘက် အစွန်အဖျားပြည်နယ်ဖြစ်သော ခိုင်ဘာ ပက်တွန်ကွာ ပြည်နယ်အတွင်း လုံခြုံရေးခြိမ်းခြောက်မှုများတိုးမြင့်လာခြင်းနှင့်ရင်ဆိုင်နေရသည်။ ထိုပြည်နယ်တွင် ပါကစ္စတန် တာလီဘန်(TTP) တို့၏ အကြမ်းဖက်မှုများကတိုးတက်လာနေပြီး ဖေဖော်ဝါရီလ ၅ ရက်က TTP တို့၏အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးအရာရှိ ဆယ်ဦးကျဆုံးခဲ့ရသည်။

ဇန်နဝါရီလအတွင်းကလည်း ပြည်နယ်မြို့တော် ပက်ရှ်ဝါတွင် ဗလီတစ်ခုအားအသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၀၁ ဦး သေဆုံးခဲ့သည်။ ဒီဇင်ဘာလအတွင်းကလည်း TTP အသေခံဗုံးခွဲသမားတစ်ဦးက ပြည်နယ်အတွင်း ဒါရာဘန် ခရိုင်ခွဲတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ရသည်။

Ref- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *