October 19, 2024

၈. ၂. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယားနာမည်ကြီး အမျိုးသား အဆိုရှင်အဖွဲ့ EXO ရဲ့အဖွဲ့ဝင် Chanyeol ဟာ အခုနှစ်ထဲမှာ ထုတ်လွှင့်ပြသတော့မယ် Netflix ရဲ့ မူရင်းစီးရီး The Frog မှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပြီး အဲ့ဒါဟာ ၆ နှစ်အတွင်း တီဗီဖန်သားပြင်ပေါ်က ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ပါဝင်လာတာလည်း ဖြစ်ပါတယ်။

ပရိသတ်အချစ်တော် အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Chanyeol ဟာ သည်းထိပ်ရင်ဖိုဇာတ်လမ်း အမျိုးအစားဖြစ်တဲ့ The Frog မှာ Sweet Home ရုပ်ရှင်ထဲက မင်းသမီး Go Min-si နဲ့ အတူ ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားပြီး ဒီစီးရီးထဲမှာ တခြားနာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Yunseok၊ Yoon Kyesang နဲ့ Lee Jungeun တို့လည်း ပါဝင်ထားတာကြောင့် ပရိသတ်တွေကလည်း စီးရီးကို ကြည့်ရှုဖို့ စောင့်မျှော်နေကြပါတယ်။

The Frog စီးရီးထဲမှာ Chanyeol ရဲ့ကာရိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အခန်းကဏ္ဍဟာ ဇာတ်ကွက်မှာ အဓိကကျတဲ့ နေရာကနေ ပါဝင်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပေမဲ့ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

Missing 9၊ ၂၀၂၁ ခုနှစ်က ရုံတင်ရုပ်ရှင် The Box စတဲ့ ဇာတ်ကားတွေနဲ့ တရုတ်ဗားရှင်း So I Married My Anti-Fan ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Chanyeol ဟာ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကား Memories Of The Alhambra ကတော့ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးသော တီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Netflix က ထုတ်လွှင့်မယ့် The Frog ဇာတ်လမ်းတွဲကိုတော့ အခုနှစ် နှစ်လယ်လောက်မှာ ပြသသွားမယ်လို့ သိရပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *