October 19, 2024

၈. ၂. ၂၀၂၄
Translated by Htwe Ko Tun

အီရတ်နိုင်ငံမြို့တော်၊ ဘက်ဂဒက်မြို့တွင် မော်တော်ကားတစ်စီးအား မောင်းသူမဲ့လေယာဉ်ဖြင့် ဖေဖော်ဝါရီ ၇ ရက်ညက အမေရိကန်က တိုက်ခိုက်ခဲ့မှုကြောင့် ဒေသအတွင်း အမေရိကန်တပ်ဖွဲ့ များ တိုက်ခိုက်ခံရမှုများကို တိုက်ရိုက်စီစဉ်ဆောင်ရွက်ခဲ့သော စစ်သွေးကြွ ‘ဟစ်ဇ်ဘိုလာတပ်မဟာ’ မှ အဆင့်မြင့် စစ်ခေါင်းဆောင်တပ်မှူးတစ်ဦးသေဆုံးခဲ့ကြောင်း အမေရိကန်စစ်ဖက်က ပြောကြားခဲ့သည်။

အမေရိကန်တို့က ဇန်နဝါရီလအတွင်းက ဂျော်ဒန်နိုင်ငံတွင် မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိမှုအပါအဝင် ဒေသအတွင်းမှ အမေရိကန်တပ်ဖွဲ့များကိုတိုက်ခိုက်ခံရမှုများအား တုံ့ပြန်သွားမည်ဟု သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့အပြီးတွင် ဤသို့ တုံ့ပြန်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ တပ်မှူး လိုက်ပါလာသော မော်တော်ကားကို တိကျစွာထိမှန်ခဲ့ကြောင်း ၎င်းအားအမေရိကန်ထောက်လှမ်းရေးက အချိန်အတန်ကြာ ခြေရာခံစုံစမ်းနေခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ဒုတိယအရာရှိတစ်ဦးကလည်း အမေရိကန် အနေဖြင့် အခြားသော ရှီးအိုက်စစ်သွေးကြွခေါင်းဆောင်များနှင့်တပ်မှူးများကိုပါ တိုက်ခိုက်သွားရန် အခွင့်အရေးရှိကြောင်း ပြောကြားခဲ့သည်။ ဗီဒီယိုများက လေကြောင်းမှ မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသော ကား၏မြင်ကွင်းကို ပြသခဲ့ကြသည်။

ဟစ်ဇ်ဘိုလာ တပ်မဟာ စစ်သွေးကြွအဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးနှင့် အီရန်တော်လှန်ရေးတပ်ဖွဲ့ကပါ အဆိုပါတိုက်ခိုက်မှုတွင် တပ်မှူးနှစ်ဦးသေဆုံးခဲ့ရကြောင်းပြောခဲ့ကြသည်။ မျက်မြင်တွေ့ရှိရသူများက အာကန် အယ်လ် အီလာဗာဝီ နှင့် အဘာဘာကွာ အယ်လ်ဆေဒီ ဟု အမည်ဖော်ပြထားသူနှစ်ဦး၏ မှတ်ပုံတင်ကတ်များကိုတိုက်ခိုက်မှု အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် တွေ့ခဲ့ရကြောင်း ပြောခဲ့သည်။

ထိုတိုက်ခိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဘက်ဂဒက်မြို့ လမ်းများပေါ်တွင် လူအုပ်ကြီးများစုဝေးကာ “မကောင်းဆိုးဝါး အမေရိကန် အလိုမရှိ” ဟု အော်ဟစ်ခဲ့ကြသည်။

အီရတ်လုံခြုံရေးတပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်ချုပ် တာဆင် အယ်လ်ကာဖာဂျီက ထိုတိုက်ခိုက်မှုမှာ အီရတ်နိုင်ငံ၏အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားခြင်းဖြစ်၍ ဒေသအတွင်း အန္တရာယ်ကြီးမားလှသော ဂယက်ရိုက်မှုများဖြစ်စေမည်ဟု ပြောခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်ကလည်း အမေရိကန်က ဆီးရီးယားနှင့် အီရတ်ရှိ အီရန်နှင့်ဆက်စပ်နေသော စစ်သွေးကြွပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သေးသည်။

Ref- nytimes.com

Leave a Reply

Your email address will not be published. Required fields are marked *