MT News
၈. ၂. ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်ရှိ တပ်စခန်းဘန်ကာကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်က Dark Shadow PDF အဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့တို့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းစနစ် အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။
ယင်းဘန်ကာသည် ရဲ၊ စစ်သားနှင့် ယာဥ်ထိန်းရဲများ အခြေချစုဝေးရာဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Dark Shadow က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင် ၁၂ ရက်က ကျရောက်သည့် ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ကလည်း အဆိုပါမြေနီကုန်းတံတားအောက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသည်ဆိုကာ PDF များ ဗုံးခွဲ၍ ဘုရားဖူးပြည်သူ ၂ ဦးသေဆုံးပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သလို အဆိုပါမြေနီကုန်းတံတားနေရာသည် ပြည်သူအများအပြားအမြဲတစေသွားလာရာနေရာဖြစ်သည့်အပြင် PDF များ မကြာခဏဗုံးခွဲသောနေရာလည်းဖြစ်သည်။
အလားတူ ယမန်နေ့ ည ၇ နာရီခန့်ကလည်း လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို Dark Shadow နှင့် GOD အဖွဲ့တို့ ပူးပေါင်း၍ပင် အဝေးထိန်းစနစ် အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ထိုအုပ်ချုပ်ရေးမှူးရုံးသည် ရဲ၊ စစ်သားနှင့် ပျူစောထီးများ၊ အရပ်ဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေချ စုဝေးရာဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး နောက်ပစ်မှတ်များကိုလည်း ဆက်တိုက် တိုက်ခိုက်မည်ဟု Dark Shadow က ဆိုသည်။