၈. ၂. ၂၀၂၄
Written by Nyein Kyaw
ပြည်သူများ ခရီးသွားလာရာတွင် နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်၌ လိုအပ်သော စက်သုံးဆီ အမျိုးအစားလိုက် လိုအပ်သည့်ပမာဏအတိုင်း အလွယ်တကူ ဝယ်ယူနိုင်ရန် မိမိရောက်ရှိနေသည့်နေရာမှ မိုင် (၃၀) အတွင်းရှိ အရောင်းဆိုင်များကို အလွယ်တကူ ရှာဖွေနိုင်ပြီး အသင့်ဝယ်ယူနိုင်မည့်အပြင် Monitoring ပြုလုပ်မည့်ဌာနများကလည်း စက်သုံးဆီအရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေအနေများ၊ ရောင်းချသည့်ဈေးနှုန်းများကို ကြည့်ရှု့စစ်ဆေးနိုင်မည့် Software Application တစ်ခုကို ရေးဆွဲလျက်ရှိပြီး ယခုလအတွင်း စမ်းသပ်အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။
အဆိုပါ Software Application အား ယခု ဖေဖော်ဝါရီလမှစ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၁၀၇ ဆိုင်တွင် ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်သုံးဆီများကို လွတ်လပ်စွာ တင်သွင်းနိုင်ရေး စီမံဆောင်ရွက်ပေးထားပြီး စက်သုံးဆီ တင်သွင်းလိုသည့် ကုမ္ပဏီအသစ်များကို စနစ်တကျ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူအများ လုံလောက်စွာ အသုံးပြုနိုင်ရေးနှင့် တရားမဝင် စက်သုံးဆီများ ရောင်းချမှုမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။