၇. ၂. ၂၀၂၄
Written by Nay Aung
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြားတိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသားများကို ရခိုင်ပြည်နယ်သို့ခရီးမသွားရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းတောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကြိုးဖုန်းများအပါအဝင် ဆက်သွယ်ရေးလိုင်းများအခက်အခဲဖြစ်ပွားနေခြင်း၊ စားသုံးကုန်ဈေးနှုန်းများမြင့်တက်နေခြင်းအပြင် လုံခြုံရေးအခြေအနေ ဆိုးရွားစွာပျက်စီးနေခြင်းများရှိနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက “အိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ခရီးမသွားဖို့ အကြံပေးလိုတယ်။ ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို အမြန်ဆုံး ထွက်ခွာဖို့ တိုက်တွန်းလိုတယ်” ဟု ပြောသည်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးများပြန်လည်ရရှိစေရန် နှင့် ပဋိပက္ခများကို စောစီးစွာအဖြေရှာရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုထားသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သောသီတင်းပတ်ကလည်း မြန်မာနိုင်ငံကို အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရန်နှင့်အကြမ်းဖက်မှုများအဆုံးသတ်ရန် အကြံပြုတောင်းဆိုခဲ့ကြောင်း သိရသည်။
Ref abplive