October 18, 2024

◾ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်တစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကိုလက်မခံနိုင်ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး ပြော

၆. ၂. ၂၀၂၄
Written by Nay Aung

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတစ်လျှောက်တွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများကို လက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများက ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်မှုများဖြစ်စေခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ပြစ်တင်လိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဒေါက်တာ ဟာဆန် မာမွတ်က ” နယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့အဖြစ်အပျက်တွေကို လက်မခံနိုင်ဘူး။ မြန်မာသံအမတ်ကြီးကိုခေါ်ယူပြီးလည်း ကန့်ကွက်ခဲ့တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်သူများကို သက်ရောက်မှုများရှိလာခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်လိုက်သော မော်တာကျည်ဆံများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်ဒေသ Jolpaitoli အရပ်ကိုကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီး တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်းဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့်ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂၂၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့ပြီး ဒဏ်ရာရသူများလည်းပါဝင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကမူ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ဆုတ်ခွာလာသော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်၂၆၄ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။

Ref tbsnews

Leave a Reply

Your email address will not be published. Required fields are marked *