၇. ၂. ၂၀၂၄
Written by Nyein Kyaw
ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ငန်းပြုလုပ်နေသူများ ဖော်ထုတ်ရာချိန် ဝင်ရောက်ရှာဖွေခံရသူစာရင်း၌ ပါဝင်ခဲ့သည့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်(ဘ)ဦးအလီအား အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများနှင့် ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)က ယနေ့ထုတ်ပြန်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် (၂၅၀) နေ ဦးကျော်လွင် (ဘ)ဦးအလီသည် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ ပြုလုပ်ခြင်း၊ ယင်း တရားမဝင် လောင်ကစားမှုများမှရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာတွေ့ရှိရခြင်းကြောင့် ၎င်းကို ဥပဒေအရအရေးယူရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိကြောင်း ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ငန်းပြုလုပ်လျက်ရှိသော GOFUG အမည်ရှိ ကွန်ရက်အား ဖော်ထုတ်ရာ၌ ဝင်ရောက်ရှာဖွေသည့်အိမ်များတွင် သူဌေးကျွန်းရှိ Grand Andaman ဟိုတယ်ပိုင်ရှင်ဦးကျော်လွင်၏အိမ်လည်း ပါဝင်သော်လည်း သံသယရှိသူကို ဖမ်းမမိဘဲ လွတ်မြောက်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းမှ ရငွေများကို ငွေကြေးခဝါချမှုပြုလျက်ရှိသော GOFUG အမည်ရှိ ကွန်ရက်တစ်ခုအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(DSI) က စစ်ဆင်ရေး ပြုလုပ်ဖော်ထုတ်လျက်ရှိရာတွင် ဖေဖော်ဝါရီ ၁ ရက်က ရနောင်းမြို့မှ နေရာ ၂၇ ခုကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ရာ၌ တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ ဓာတ်ဆီပြည်ပတင်ပို့မှု အခွန်ရှောင်တိမ်းမှုနှင့်ငွေမည်းပိုင်ဆိုင်မှုများဖြင့် မြန်မာနိုင်ငံဘက်ခြမ်း သူဌေးကျွန်းရှိ Grand Andaman လုပ်ငန်းရှင် ဦးကျော်လွင်၏ အိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်ဖွား ထိုင်းမျိုးနွယ်ဝင် ဦးကျော်လွင်သည် ထိုင်းနိုင်ငံသားအဖြစ် ခံယူထားသူလည်းဖြစ်နေပြီး Sanga Kangval အမည်ဖြင့် မြန်မာနိုင်ငံ သူဌေးကျွန်းရှိ Grand Andaman ဟိုတယ်လုပ်ငန်းစု၏ ဥက္ကဋ္ဌလည်းဖြစ်ကာ ၎င်းပိုင်ဆိုင်သော သန်းဖြိုးသူကုမ္ပဏီမှာလည်း လူသိများသည့် ကုမ္ပဏီဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် DSI က GOFUG ကွန်ရက်၏ တည်နေရာများကို ဝင်ရောက်စီးနင်းခဲ့ရာ၌ ဖမ်းဝရမ်းမိခဲ့သူ စီးပွားရေးသမား ၁၈ ဦးအနက် ၇ ဦးဖမ်းမိထားပြီး ဘတ်ငွေ ၅၅ သန်း၊ ရွှေ ၃၅၀ ကီလိုဂရမ်၊ မြေပိုင်ဆိုင်မှုသဘောတူစာချုပ် ရှစ်ခုနှင့် ကွန်ဒိုမီနီယံပိုင်ဆိုင်မှု စာချုပ်များ၊ အပျော်စီးကားရှစ်စီး၊ အဆောင်ပစ္စည်း ၉၇ ခု၊ တန်ဖိုးကြီး လက်ပတ်နာရီ ၄၇ လုံး၊ သေနတ် ၁၀ လက်နှင့် တန်ဖိုးကြီး ဒီဇိုင်နာအိတ်များ၊ ဖိနပ်များနှင့် အဝတ်အထည်များ စသည့် တန်ဖိုးမြင့်ပစ္စည်းပေါင်း ၄၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။