၇.၂.၂၀၂၄
Translated by Htwe Ko Tun
ကင်ညာနိုင်ငံ၏ ဘာသာရေးခေါင်းဆောင် မက်ကန်းဇီးနှင့် ၎င်း၏ဂိုဏ်းဝင် ၂၉ ယောက်တို့အား တောအုပ်တစ်ခုအတွင်း မြှုပ်နှံထားသောရာနှင့်ချီ၍တွေ့ရသည့် အလောင်းများတွင်ပါဝင်သည့် ကလေး ၁၉၁ ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် ဖေဖော်ဝါရီ ၆ ရက်က တရားရုံး၌ စွဲချက်တင်ခဲ့ကြောင်း သိရသည်။
ကင်ညာနိုင်ငံ ကမ်းရိုးတန်းရှိ ရှာကာဟိုလာသစ်တောအတွင်း အလောင်း ၄၂၉ လောင်းကို ၂၀၂၃ ခုနှစ်တွင် တွေ့ရှိခဲ့ရာ၌ ကလေးငယ် ၁၉၁ ဦး၏ အလောင်းများပါဝင်နေခြင်းဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့ကြသည်။
တရားခံများကမူ မာလင်ဒီမြို့ရှိတရားရုံး၌ စွဲချက်များအားလုံးကို ငြင်းဆိုခဲ့ကြသည်။ ၎င်းတို့အနက်တစ်ဦးမှာ စိတ်ပိုင်းဆိုင် ရာကျန်းမာရေးအခြေအနေမကောင်း၍ ၎င်းအား တစ်လအတွင်း မာလင်ဒီမြို့ အထက်တရားရုံးသို့ လာရောက်တရားရင် ဆိုင်ရန် ရွှေ့ဆိုင်းအမိန့်ထုတ်ခဲ့သည်။
တရားလိုရှေ့နေများက မက်ကန်ဇီးက သေဆုံးသူများနှင့် ၎င်းတို့၏ကလေးများအား အစာရေစာပြတ်လပ်နေစေပြီး သေဆုံးကြစေရန်၊ ထို့ကြောင့် ကမ္ဘာကြီးပျက်စီးသည့်အခါ ၎င်းတို့မှာ ကောင်းကင်ဘုံသို့ ရောက်ရှိကြမည်ဟု ၎င်း၏အဖွဲ့သားများကို အမိန့်ပေးခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့ကြသည်။ ၎င်းက ကမ္ဘာ့အဆိုးဝါးဆုံး ကိုးကွယ်ယုံကြည်မှု၊ ဘာသာရေးနှင့်ဆက်စပ်နေသည့် ဘေးဒုက္ခတစ်ခုလည်းဖြစ်ခဲ့ရသည်။
၎င်းကိုယ်၎င်း ဘာသာရေးဆရာတစ်ဦးအဖြစ် လူသိရှင်ကြားကြေညာခဲ့သည့် အငှားကားယာဉ်မောင်းဟောင်းဖြစ်သည့် မက်ကန်ဇီးကို တရားရုံးတွင် အကြမ်းဖက်မှု၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ကလေးငယ်များအား နှိပ်စက်ညှင်းပန်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့အတွက် စွဲချက်တင်ခဲ့သည်။ ၎င်းအား ရှာကာဟိုဘာသာဝင်များလာသော သစ်တောအတွင်း အလောင်းများကိုတွေ့ရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီလကပင် ဖမ်းဆီးထားခဲ့ခြင်းလည်းဖြစ်သည်။
အလောင်းခွဲစိတ်စစ်ဆေးမှုများအရ လူ ၄၂၉ ဦးအနက်အများစုမှာ အစားအစာမစားရဘဲ အာဟာရပြတ်လပ်၍ သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း၊ သို့သော် ကလေးများအပါအဝင် အချို့မှာ လည်ပင်းညှစ်သတ်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် အသက်ရှုမွန်းကျပ်၍သေဆုံးခြင်းများဖြစ်ကြောင်းကိုလည်း တွေ့ရှိခဲ့ရသည်။
ထိုအဖြစ်အပျက်ကို ရှာကာဟိုလာသစ်တော အစုလိုက်အပြုံလိုက်လူသတ်မှုဟု အမည်တပ်ခဲ့ကြကာ အစိုးရအနေနှင့် ဘာသာရေးဂိုဏ်း အစွယ်အပွားများကို တင်းကျပ်သော ထိန်းချုပ်မှုပြုလုပ်ရန်လိုအပ်နေကြောင်း သတိပေးသကဲ့သို့ရှိခဲ့သည်။
ခရစ်ယန်ဘာသာဝင်များ အဓိကနေထိုင်ရာ ကင်ညာနိုင်ငံမှာ ရာဇဝတ်မှုဖြစ်စေသောလုပ်ရပ်များတွင် ပါဝင်ကျူးလွန်နေကြသည့် စည်းကမ်းမလိုက်နာသည့် မသမာသော ဘုရားရှိခိုးကျောင်းများနှင့် ဘာသာရေးဂိုဏ်းများအား စည်းကမ်းထိန်းညှိပေးရန် အခက်အခဲနှင့်တွေ့ကြုံနေရသည်။
Ref -Al Jazeera