၇. ၂ . ၂၀၂၄
Written by Nyein Kyaw
ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ Brand Showroom ဖွင့်လှစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ကုမ္ပဏီများကိုသာ EV ကားများအတွက် သွင်းကုန်လိုင်စင်ချပေးမည်ဖြစ်ကာ လက်ရှိအချိန်အထိ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီ ၈၃ ခုအထိ ခွင့်ပြုပေးထားကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ EV သတင်းမှန်ထုတ်ပြန်ရေးမှ ထုတ်ပြန်ထားသည်။
“တရားဝင် Page ပါ။ ဦးဆောင်ကော်မတီရဲ့ အတွင်းရေးမှူးရုံးက ကိုင်ထားတာပါ။ အခုထုတ်ပြန်တဲ့ ကုမ္ပဏီအရေအတွက်ကတော့ စုစုပေါင်း ခွင့်ပြုပေးထာတဲ့ အရေအတွက်ပေါ့” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်က ပြောသည်။
ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ် (EV) တင်သွင်းနိုင်ရန် ခွင့်ပြုပေးထားသည့် ကုမ္ပဏီအရေအတွက် များလာသော်လည်း EV ကား ပိုမိုတင်သွင်းလာနိုင်မှုသည် နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ (FESC) ၏ EV ကားများအတွက် ခွင့်ပြုပေးသည့် နိုင်ငံခြားငွေသုံးစွဲနိုင်မည့် ပမာဏအပေါ်မှာသာ မူတည်ကြောင်း သိရသည်။
“ခွင့်ပြုကုမ္ပဏီတော့ များလာတယ်ဆိုပေမဲ့လည်း ကုမ္ပဏီက အစီးရေများများ သွင်းနိုင်ဖို့က FESC ရဲ့ ခွင့်ပြုတဲ့ ပမာဏမှာပဲ ကုမ္ပဏီတွေက အစီးရေ တင်သွင်းလို့ရမှာ။ ကုမ္ပဏီဘယ်လောက်များများ EV အပေါ်မှာ သူ့ရဲ့သတ်မှတ်ချက်က ဥပမာ ဒေါ်လာတစ်သန်း သတ်မှတ်ထားရင်တော့ ကုမ္ပဏီ ၈၀ ရှိလည်း ဒီ ဒေါ်လာတစ်သန်းပေါ်မှာပဲ ခွဲဝေယူပေါ့။ သူရဲ့ တစ်နှစ်စာ ခွင့်ပြုပေးတဲ့ ဒေါ်လာသုံးစွဲမှု ပမာဏကိုပဲ ဒီကုမ္ပဏီတွေက ခွဲဝေလုပ်ရမှာ” ဟု ဦးကျော်စွာထွန်းမြင့်က ပြောသည်။