၇. ၂. ၂၀၂၄
Written by Hey Mar
တိုက်ပွဲကြောင့်ပျက်စီးခဲ့ရတဲ့ ကချင်ပြည်နယ်ရှိ မိုးကောင်း- ဖားကန့်လိုင်း ၆၆ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းကို ပြုပြင်ဖို့ နယ်မြေအခြေအနေအရ လုံခြုံရေးမပေးနိုင်တာနဲ့ သွားလာဝင်ထွက်ပြင်ဆင်ဖို့ အခက်အခဲရှိနေတာကြောင့် ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြန်လည်အသုံးပြုနိုင်ဖို့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်အထိ ကြာမြင့်နိုင်တယ်လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး-ဖားကန့်က ဒေသခံပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။
မဟာဓာတ်အားလိုင်းမှူးရုံး(ဝိုင်းမော်)က တာဝန်ယူထိန်းသိမ်းထားတဲ့ ၆၆ ကေဗွီ မိုးကောင်း-ဖားကန့်လိုင်းဟာ ဖားကန့်မြို့နယ်/နန့်တိန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး ၆၆ ကေဗွီဓာတ်အားလိုင်း ထိခိုက်ပျက်စီးမှုတွေ အတော်များများဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။
ဖားကန့်မြို့နယ် လျှပ်စစ်ရုံးတာဝန်ရှိသူက “နန့်တိန်းဘက်မှာ တိုက်ပွဲစဖြစ်တဲ့အချိန်ပဲ ဖားကန့်တစ်မြို့လုံး မီးပျက်သွားတာ။ မနေ့က ကျွန်တော်တို့ အဲ့ဒီဘက်ကို ကွင်းဆင်းကြည့်တယ်။ နန့်တိန်းအထိတော့ မရောက်ခဲ့ဘူး။ အဲဒီရွာဘက်တွေ လုံခြုံရေးမပေးဘူး။ ဝင်လို့မရဘူးဆိုလို့ပါ။ မြင်ရတာက နေရာအနှံ့မှာ ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျနေတယ်။ ဓာတ်တိုင်တွေ ကျိုးတယ်။ နေရာကွက်ကြား ထိခိုက်ပျက်စီးတာဆိုပေမယ့် ထိခိုက်တဲ့နေရာ များတယ်” လို့ MT News ကို ပြောပါတယ်။
ပြင်ဆင်ခွင့်ရမယ်ဆိုရင်အချိန် တစ်ပတ်အတွင်း ပြီးစီးနိုင်ကြောင်းနဲ့ နှစ်ဖက်အဖွဲ့ညှိနှိုင်းပြီး ပြင်ဆင်ခွင့်ပေးစေချင်ကြောင်း ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်မီးရရှိနေပြီဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်မီးတိုင်စိုက်ခွင့်မရလို့ လျှပ်စစ် မီး သုံးစွဲနိုင်ခြင်းမရှိသေးတဲ့ မြို့နယ်၊ ကျေးရွာ များစွာရှိနေကြောင်းလည်း မြို့နယ်လျှပ်စစ်ရုံး တာဝန်ရှိသူက ရှင်းပြပါတယ်။
ဖားကန့်မြို့နယ် လျှပ်စစ်ရုံးတာဝန်ရှိသူက “ဖားကန့်က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရဆိုရင်တောင် လူဦးရေက တစ်သန်းကျော် နေထိုင်တာပါ။ အခုဆို အဲ့ဒီထက်လည်း များနိုင်ပါတယ်။ ရေမဆေးရှာတဲ့ မီး၊ ကျောက်ရည်ဖြတ်တဲ့ဓာတ်မီးက အစ အားသွင်းပြီး သုံးရတာပါ။ တစ်နိုင်တစ်ပိုင် ကျောက်ဖြတ်ကျောက်သွေး လုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ လျှပ်စစ် မီး မရတာ တစ်ရက် နှစ်ရက်ဆို ပြဿနာမရှိပေမယ့် ရက်ကြာရင်ကြာသလို ဒေသခံတွေ ပိုခက်ခဲနိုင်ပါတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ လျှပ်စစ်ရုံးက မီးစက်မောင်းချိန်အတွင်း ဖုန်း၊ ပါဝါဘဏ့်နဲ့ ရေမဆေးလုပ်သားတွေ အသုံးပြုတဲ့ မီးအတွက် အားသွင်းနိုင်ကြောင်း ရုံးရှေ့မှာ စာရေးကာ ကြေညာထားပါတယ်။ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိပြီး မိဘပြည်သူများအသုံးပြုနိုင်ဖို့အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး-ဖားကန့်က သွားရောက်ပြုပြင်နိုင်ဖို့ ကြိုးစားနေပေမယ့် နယ်မြေ အခြေနေအရ လုံခြုံရေးမပေးနိုင်တာ၊ သွားလာဝင်ထွက် ပြင်ဆင်ရန်ခက်ခဲမှုများ ကြုံနေရဖို့၊ ဓာတ်အားလိုင်းပျက်စီးမှုများနိုင်တာ၊ စက်အား၊ လူအားနဲ့ ဆိုင်ရာ ဆိုင်ရာ တာဝန်ယူမှုများ လိုအပ်တာတို့ကြောင့် ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်သုံးစွဲကြသော ပြည်သူလူထုများ ဝိုင်းဝန်းပါဝင်ကူညီမှုတွေ လိုအပ်နေပြီး အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်မှ အချိန်မှီအတွင်း ဖားကန့်မြို့နယ်တဝှမ်း လျှပ်စစ်ဓာတ်အား မြန်မြန်ဆန်ဆန်ရရှိနိုင်မှာ ဖြစ်ကြောင်းကိုလည်း နှိုးဆော်အသိပေးထားပါတယ်။