၇. ၂. ၂၀၂၄
Written by Nay Moe
မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က)နှစ်မှုဖြင့် ၂၀၂၁ ခုနှစ် မတ်လက ချမ်းအေးသာစံမြို့နယ် အမှတ်(၆) နယ်မြေခံရဲစခန်းနှင့် အမှတ်(၈)နယ်မြေခံရဲစခန်းတို့မှ တရားလိုပြုလုပ်၍ ချမ်းအေးသာစံတရားရုံးမှ ထောင်ဒဏ်(၆)နှစ် အမိန့်ချမှတ်ခြင်းခံထားရသည့် အသက်(၃၅)နှစ်အရွယ် အကျဉ်းသူ မယဉ်မိုးသည် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကျောက်ကပ်ရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ထုတ်ပြန်သည်။
မယဉ်မိုးသည် အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၆ )နှစ် အမိန့်ချခံရပြီးနောက် အိုးဘိုအကျဥ်းထောင်မှ မြင်းခြံအကျဥ်းထောင်သို့ ၂၀၂၂ခုနှစ်( ၇)လပိုင်းတွင် ထောင်ပြောင်းရွှေ့ခံခဲ့ရပြီး မြင်းခြံထောင်တွင်း၌ ကျန်းမာရေးမကောင်းသည့်အတွက် မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသူဖြစ်သည်။
PPNM မှ အဆိုအရ မယဉ်မိုးက ပြင်ပဆေးရုံသို့ပို့ဆောင်ကုသပေးရန် တောင်းဆိုမှုကြောင့် ထောင်အာဏာပိုင်များက ပြင်ပဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရသော်လည်း လုံခြုံရေးမပေးနိုင်သည့်အတွက်ကြောင့် ပြင်ပဆေးရုံတွင် ကြာရှည်စွာ ဆေးဝါးကုသခွင့်မပေးဘဲ ကုသမှုခံယူနေရစဉ်အတွင်း၌ပင် မန္တလေးဆေးရုံကြီးမှ အိုးဘိုအကျဉ်းထောင်သို့ (၆)ကြိမ်တိုင်တိုင်ပြန်လည်ခေါ်ယူမှုများရှိခဲ့သည်။
အကျဉ်းသူ မယဉ်မိုးသည် အကျဉ်းထောင်အတွင်း၌ ကျောက်ကပ်ရောဂါရှိနေကြောင်းကို အချိန်မီမသိရှိရခြင်း၊ ရောဂါဖြစ်နေစဉ်အတွင်း အကျဉ်းထောင်တွင်း၌ ဆေးဝါးကုသစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်း၊ ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခဲ့မှုများ ရှိခဲ့သည်ဟုဆိုသော်လည်း အကျဉ်းဦးစီးအနေဖြင့် လုံခြုံရေးမပေးနိုင်၍ ပြင်ပဆေးရုံတွင်အချိန်ပြည့် ဆေးဝါးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း PPNM က ဆိုသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း သေဆုံးသူ ထောင်ကျရင်းသေဆုံးသူ အကျဥ်းသား ၅ ဦးရှိပြီး ကျိုက်မရောအကျဉ်းထောင်မှအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင်နှင့် ကိုပြည့်ဖြိုးအောင်၊ မကွေးအကျဉ်းထောင်မှ အကျဉ်းသူ မစုမေအောင် ကလေးအကျဉ်းထောင်မှ အကျဉ်းသား ကိုကြည်ရအောင်နှင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသူ မယဉ်မိုးတို့ သေဆုံးခဲ့သည်ဟုလည်း PPNM က ဖော်ပြထားသည်။