၇.၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်အောက်လွှတ်တော်၌ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်အမတ်များပါ ကန့်ကွက်လျက်ရှိသည့်ကြားမှပင် အစ္စရေးသို့ ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံ အကူအညီပေးရေးအတွက် သီးခြားဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ရေး ရီပတ်ဘလစ်ကန်ပါတီက ဖေဖော်ဝါရီ ၆ ရက်၌ ကြိုးပမ်းခဲ့ရာတွင် မအောင်မမြင် ဖြစ်ခဲ့ရကြောင်း သိရ သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ကယ်ဂျွန်ဆန်အနေဖြင့် ဤဥပဒေကြမ်းကိုအတည်ပြုနိုင်ရေးအတွက် အောက်လွှတ်တော်အမတ်ဦးရေ သုံးပုံနှစ်ပုံ၏ ထောက်ခံမဲလိုအပ်မည်ဖြစ်သည်။ သို့သော် အောက်လွှတ်တော်တွင် အမတ် ၂၅၀ က ထောက်ခံမဲပေးကြသော်လည်း ဒီမိုကရက်အမတ် ၁၆၆ ဦးနှင့် ရီပတ်ဘလစ်ကန်ပါတီမှ အမတ် ၁၄ ဦးတို့က ကန့်ကွက်ခဲ့ကြရာ အတည် ပြုနိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။
ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းကပြုလုပ်ခဲ့သော တံခါးပိတ်အစည်းအဝေးတစ်ရပ်တွင် ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ပိုင်းကလည်း ၎င်းတို့အနေဖြင့် အစ္စရေးအား အကူအညီပေးရေးအတွက် ထိုဥပဒေမူကြမ်းအားထောက်ခံမည်မဟုတ်ကြောင်း ပြောခဲ့ကြသည်။
ဤသို့ ရီပတ်ဘလစ်ကန်တို့၏ အဆိုပြုချက် ပယ်ချခံရခြင်းနှင့်အတူ အစ္စရေးသို့ အထောက်အပံ့ပေးရေးက ပို၍ သောင်မတင်ရေမကျဖြစ်လာပြီး ယူကရိန်းနိုင်ငံ၊ ပါလက်စတိုင်းအရပ်သားဒုက္ခသည်များ၊ တရုတ် တိုင်ဝမ်အရေးနှင့် နယ်စပ် လုံခြုံရေးအတွက် ရန်ပုံငွေများလည်း မရေမရာဖြစ်လာမည်ဟု သုံးသပ်ကြသည်။
Ref -CBS