၇. ၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အထူးသဖြင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်း၊ တိုက်ပွဲများဖြစ်နေခြင်း၊ ဆူပူအကြမ်းဖက်ဖျက်ဆီးနှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွားခံစားနေရကြောင်း၊ ထို့ပြင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါ ပျက်ပြားလာသည့်အပြင် နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်သည်ကို အားလုံးက သိရှိလက်ခံကာ စဉ်းစားသုံးသပ်ရန်လိုပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့အကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်နေရုံသာမက ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စေတီပုထိုးများ အပါအဝင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦ စသည်တို့ကိုပါ ဖျက်ဆီးခြင်းမှာ လွန်စွာအကျည်းတန်ရုပ်ဆိုးပြီး ဒေသခံပြည်သူများ ဆင်းရဲဒုက္ခများစွာ ဖြစ်ပေါ်စေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှ ၆ ရက်အထိ ကောင်စီအမှုဆောင်အဖွဲ့ဝင် စော်ဘွားများနှင့် ရှမ်းပြည်လူထု ကိုယ်စားလှယ်များပါဝင်သည့် ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များက ဆပ် ကော်မတီဖွဲ့စည်းကာ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် ဆွေးနွေးဆုံးဖြတ်ချက်များကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်များသည် ပြည်မနှင့်အတူပူးပေါင်း၍ လွတ်လပ်ရေးရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် ကျင်းပပြုလုပ်ခဲ့သည့်မှာ (၇၇) နှစ်ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
ရှမ်းပြည်နေ့သည် သမိုင်းဝင် ပြည်ထောင်စုနေ့၏ အခြေခံ၊ ပင်လုံစာချုပ်၏ ပဋိညာဉ်များကို ချမှတ်နိုင်ခဲ့သည့် တိုင်းရင်းသားအားလုံး မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော၊ ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။