–နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူပြီးနောက် တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်နေသူများကို အရေးယူခြင်းမှာလည်း နိုင်ငံရေးအရ အရေးယူခြင်း မဟုတ်ဘဲ ဥပဒေအရသာ အရေးယူခဲ့ရခြင်းဖြစ်ဟု ပြောကြား
၂. ၁၂. ၂၀၂၂
Written by Nay Moe
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (စ) အရ ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆိုးဝါးလှသည့် မဲမသမာမှုများကြောင့် နိုင်ငံတော်တာဝန်ရယူခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄)သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
“နိုင်ငံတော်မှာ မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနဲ့ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ အမျိုးသားရေးမူဝါဒဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမှာဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေးဟာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး တပ်မတော်သားတွေဟာ ကိုယ်ပိုင်ဆန္ဒနဲ့အညီ အများအကျိုးအတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေခြင်းဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ (စ) အရ ဒို့တာဝန်အရေးသုံးပါးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်မှာ အဓိကတာဝန်ရှိတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ် ဒီတာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်တယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် တပ်မတော်အနေနှင့် နိုင်ငံတော်တာဝန်ကို ခေတ္တတာဝန်ယူနေစဉ်အတွင်း၌လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို ချမှတ်ကာ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အားသွန်ကြိုးပမ်းဆောင်ရွက်နေသလို ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်း စဉ်အဖြစ် ငြိမ်းချမ်းရေးအတွက် ယခုနှစ်မှစတင်၍ ခြေလှမ်းသစ်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။
ယင်းအပြင် နိုင်ငံတော်တာဝန်ယူခဲ့ရခြင်းမှာလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆိုးဝါးလှသည့် မဲမသမာမှုများကြောင့်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် အဓိကတာဝန်ရှိတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာတဲ့ အပြုအမူ မှန်သမျှကို ဥပဒေနဲ့အညီ ကာကွယ်တားဆီးခြင်းဟာ သမိုင်းပေးတာဝန် ထမ်းဆောင်ခြင်းသာဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမှာ ဆိုးဝါးလှတဲ့ မဲမသမာမှုများကို ဖန်တီးပြီး နိုင်ငံတော်အာဏာကို အတင်းရယူရန် ကြိုးစားခဲ့သူတွေကြောင့် နိုင်ငံရေးအရ အရေးပေါ် အခြေ အနေပေါ်ပေါက်ပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ရယူထိန်းသိမ်းခဲ့ရတာဖြစ်တယ်” ဟုလည်း တပ်ချုပ်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
တပ်မတော်အနေနှင့် ၁၉၈၈ ခုနှစ် ဆူပူမှုအရေးအခင်းနှင့် အုပ်ချုပ်ရေးယန္တရား ပျက်ပြားခဲ့ချိန်တွင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြောင်း၊ ထိုအချိန်တွင် ပြည်သူလူထုက တစ်ပါတီစနစ်အစား ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင် တိုင်းပြည်တည်ငြိမ်အောင် ဆောင်ရွက်ပေးပြီးနောက် ပြည်သူလူထုလိုလားသည့် ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးနိုင်ရေး လမ်းခင်းပေးခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ပြည်သူလူထုဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော် အာဏာလွှဲအပ်ခဲ့ကြောင်းလည်း တပ်ချုပ်က ပြောကြားသည်။
“တပ်မတော်က ပြည်သူလူထု လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်စေဖို့အတွက် ခိုင်ခိုင်မာမာဆောင်ရွက်ပေးခဲ့တာ တွေ့ရှိ ရမှာဖြစ်တယ်။ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးပြီးနောက်ပိုင်း အချို့နိုင်ငံရေးကိစ္စတွေမှာ အစိုးရနဲ့ တပ်မတော်အကြား သဘောထားမတိုက်ဆိုင်တာတွေရှိခဲ့ပေမယ့်လည်း တိုင်းပြည်တိုးတက်ရေးအတွက် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ၂၀၂၁ ခုနှစ်မှာ တပ်မတော်က နိုင်ငံရေးအရ ဖြစ်ပေါ်လာခဲ့တဲ့ အရေးပေါ် အခြေအနေများအရ နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူရပြီးနောက်ပိုင်းမှာ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း လုပ်နေတဲ့သူတွေကိုလည်း အရေးယူခဲ့ရတာတွေရှိတယ်။ အဲ့ဒါတွေဟာ နိုင်ငံရေးအရ အရေးယူခြင်းမဟုတ်ဘဲ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ဥပဒေချိုးဖောက်မှုတွေကြောင့်ပဲ ဥပဒေအရသာ အရေးယူခဲ့ရတာ ဖြစ်တယ်။ ဒါဟာ ဥပဒေအထက်မှာ မည်သူမျှမရှိကြောင်း ဖော်ပြနေခြင်းပဲဖြစ်တယ်။ အလားတူ ဥပဒေကြောင်းအရ အရေးယူခဲ့တဲ့သူအချို့ကိုလည်း အရေးယူပြီး နောက် ပိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အတူပူးပေါင်းဆောင်ရွက်နိုင်စေဖို့ ပြစ်ဒဏ်လျော့ပေါ့ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများအား ဆောင်ရွက်ပေးခဲ့တယ်။ ဒါတွေဟာ နိုင်ငံတော်အနေနဲ့ သဘောထားကြီးမားစွာနဲ့ နိုင်ငံ့အကျိုးရှေးရှုပြီး ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်” ဟု တပ်ချုပ်က ဆက်လက်ပြောကြားသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သလို စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၆၄)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၀၃၅၊ ဗိုလ်လောင်း ထွန်းလင်းကျော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၀၄၂၊ ဗိုလ်လောင်း နေလင်းစိုး၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၉၈၅၊ ဗိုလ်လောင်း ဇွဲညီမင်းပိုင်၊ စာပေထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၂၁၄၊ ဗိုလ်လောင်း မျိုးမင်းအောင်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၂၂၄၊ ဗိုလ်လောင်း သူရိန်စိုးတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည့်အပြင် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်းလည်း သိရသည်။