MT News
၆. ၂. ၂၀၂၄
◾နေပြည်တော်ကောင်စီဝင်နှင့် မကွေးတိုင်း နယ်/လုံဝန်ကြီးများ ပြောင်းလဲ ခန့်အပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နေပြည်တော်ကောင်စီဝင်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား အစားထိုးခန့်အပ် တာဝန်ပေးလိုက်ပြီး နေပြည်တော်ကောင်စီဝင် ကြည်း ၂၁၁၁၁ ဗိုလ်မှူးကြီးမင်းနောင် အစား ကြည်း ၂၃၇၆၇ ဗိုလ်မှူးကြီး မျိုးဝင်းအား ခန့်အပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကြည်း ၂၈၇၀၇ ဗိုလ်မှူးကြီး ကျော်ကျော်လင်း အစား ကြည်း ၂၂၄၀၅ ဗိုလ်မှူးကြီး မိုးမင်းသိန်းအား ခန့်အပ်ခဲ့သည်။
◾ရမ်းဗြဲတွင် ပြည်သူ့နေအိမ်များကို AA မီးရှို့ဖျက်ဆီး
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် တပ်မတော်နှင့် AA ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရမ်းဗြဲမြို့ရှိနေအိမ်များ မီးလောင်ပျက်စီးသည်မှာ အလုံး ၆၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း တစ်ဖက်သတ်စွပ်စွဲ ရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ပြည်သူများအထင်အမြင် လွှဲမှားစေရန် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး ဖြစ်စဥ်အမှန်မှာ AA လက်နက်ကိုင်များအနေဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ရာတွင် Drone များဖြင့် ဗုံးကျဲခြင်း ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်မှုကြောင့် မြို့၊ ရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း၊ ထို့အပြင် AA လက်နက်ကိုင်များသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင်ရာ အဆောက်အဦများနှင့် ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ တိုက်ခိုက်လျက်ရှိပြီး ဆုတ်ခွာထွက်ပြေးချိန်များတွင် လုံခြုံရေးတပ်ဖွဲ့များ လိုက်ပါတိုက်ခိုက်မှုမရှိစေရန် နေအိမ်များကိုမီးရှို့ခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ ပြောကြားချက်များအရ သိရှိရသည်။
◾ စစ်သင်တန်းတက်ခိုင်းရန်နှင့် လုံခြုံရေးတပ်ဖွဲ့များတွင် အင်အားဖြည့်တင်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ရှိလူစာရင်းများ လိုက်လံကောက်ယူနေဟု သတင်းမှားဖြန့်
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များမှ မိသားစုဝင်အရေအတွက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကောက်ယူနေကြောင်း၊ အဆိုပါ ကောက်ယူမှုများသည် ပြည်သူများအား အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းရန်နှင့် လုံခြုံရေးတပ်ဖွဲ့များတွင် အင်အားဖြည့်တင်းရန်အတွက် အိမ်ရှိလူစာရင်းများကို လိုက်လံကောက်ယူနေခြင်းဖြစ်ကြောင်း သတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းမြို့နယ်တွင် နောက်ဆုံးအခြေအနေနှင့် လူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါ၍ အိမ်တည်နေရာ မှတ်တမ်းတင်ခြင်း၊ အိမ်ရှိလူစာရင်း မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်များအား ပုံမှန်အတိုင်း ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ပြောကြားသည်။
◾ပြည်ထောင်စုနေ့ အခမ်းအနား အစမ်းလေ့ကျင့်သည့် နေ့နှင့် အခမ်းအနား ကျင်းပမည့်ရက်တွင် ပြည်လမ်းကို ခေတ္တ ပိတ်မည်
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ (၁၀)ရက်တွင် အစမ်းလေ့ကျင့်မည်ဖြစ်ပြီး ဖေဖော်ဝါရီ (၁၂)ရက် နေ့လယ် (၂)နာရီ အခမ်းအနား ပြီးဆုံးသည်အထိ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ရာ ပြည်လမ်းကို ခေတ္တပိတ်ထားမည် ဖြစ်၍ ပြည်လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်သွားလာသော ယာဉ်များအနေဖြင့် မြေနီကုန်း မီးပွိုင့်တွင် ညာဘက်သို့ ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်သွားလာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းဘက်သို့ ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှ တစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့ ဆက်လက်မောင်းနှင်ကြရန် အသိပေးနှိုးဆော်ထားသည်။