၆. ၂. ၂၀၂၄
Written by Ye Kyaw
မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့် ထပ်မံသက်တမ်းတိုးမြှင့်ထားသည့် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား မြင့်တက်နေမှုကြောင့် ပြည်တွင်း မတ်ပဲစတင်ပေါ်ချိန်၌ပင် မတ်ပဲဈေးနှုန်း မြင့်တက်နေပြီး တောင်သူများ အကျိုးဖြစ်ထွန်းနေကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရသည်။
လာမည့် မတ်လကုန်တွင် ကုန်ဆုံးတော့မည့် မတ်ပဲနှင့် ပဲစင်းငုံတို့အား ကန့်သတ်ကုန်စည်အဖြစ်မှ လွတ်လပ်စွာ (Free) တင်သွင်းခွင့်အား အိန္ဒိယနိုင်ငံ ကူးသန်းရောင်း ဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနက (၂၈.၁၂.၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃)ဖြင့် လာမည့် ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခင်နှစ်တွင် မတ်ပဲစတင်ပေါ်ချိန် မတ်ပဲတစ်တင်း ကျပ် ၆၀,၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း ယခုနှစ်တွင် မတ်ပဲစတင်ပေါ်ချိန်၌ပင် မတ်ပဲတစ်တင်းလျှင် ကျပ် ၁၀၀,၀၀၀ ကျော်အထိ ရရှိနေခြင်းဖြစ်သည်။
“မနှစ်က မတ်ပဲစပေါ်ချိန်မှာ ကျပ် ၆၀,၀၀၀ လောက်ပဲ ၇၀,၀၀၀ မကျော်ဘူး။ တောင်သူလက်ထဲ ပဲမရှိတဲ့နောက်ပိုင်းမှ ဈေးတက်လာတာ။ ဒီနှစ်က မတ်ပဲစပေါ်ချိန်ကို တစ်တင်းကို ၁၀၇,၀၀၀ ရနေတာ။ အစ်ကိုဆို ၁၅ ဧက လုပ်တာကို အခုနှစ်က ပဲထွက်လည်း ကောင်းတော့ တစ်ဧက တင်း၂၀ ကျော်ထွက်တော့ တင်း ၃၀၀ ကျော်လောက်ရတယ်။ အခုရောင်းတာကို သိန်း ၃၀၀ ကျော်လောက်ရတာ။ စိုက်ပျိုးစရိတ်တော့ မနုတ်ရသေးဘူးပေါ့။ အရင်နှစ်ထက် အများကြီးကျန်တယ်” ဟု ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ မတ်ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။
အိန္ဒိယနိုင်ငံက လွတ်လပ်စွာတင်သွင်းခွင့် သတ်မှတ်ကာလအား ဆက်လက်ခွင့်ပြုခြင်းနှင့် ခွင့်မပြုခြင်းတို့အား ယခင်နှစ်များတွင် အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာနှစ်ကုန်ဆုံးသည့် မတ်လနောက်ပိုင်းမှသာ ထုတ်ပြန်လေ့ရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်များထက် စောလျှင်စွာ ထုတ်ပြန်ပေးခဲ့ခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ အိန္ဒိယသို့ အဓိကတင်ပို့မှုနေသည့် မတ်ပဲများ ဈေးကောင်းရရှိခဲ့ခြင်းဖြစ်သည်။
“သူတို့ရဲ့ ဘဏ္ဍာရေးနှစ်ကလည်း ကျွန်တော်တို့လို ဧပြီကနေ မတ်လဆိုတော့ မတ်လမှာ သက်တမ်းကုန်တဲ့ဟာကို သက်တမ်းသာ ကုန်သွားတယ် မပြောဘူးပေါ့ဗျာ။ ရှေ့နှစ်ကို ဘယ်လိုလုပ်မယ်ဆိုတာကို မပြောဘူးပေါ့။ ဒါမျိုးတွေလည်း ဖြစ်ခဲ့ဖူးတယ်။ မတ်လဆိုပေမဲ့ ဩဂုတ်လလောက်ထဲက ဒီနှစ်အတွက် ရပ်လိုက်မယ်လို့ ရှေ့တုန်းက အတွေ့အကြုံရှိခဲ့တယ်။ အခုတော့ အဲဒီလိုမဟုတ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်က အခြေအနေကောင်းတဲ့သဘောပေါ့။ ရောင်းရေးဝယ်တာမှာ အကျိုးသက်ရောက်မှုတွေရှိတာပေါ့” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောထားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတို့ကို ပြည်ပသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယင်းအနက် မတ်ပဲနှင့် ပဲစင်းငုံတို့ကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ ပြည်ပသို့ ပဲတင်ပို့ရာတွင်လည်း အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။ ပဲတီစိမ်းကိုမူ တရုတ်နိုင်ငံနှင့် ဥရောပဈေးကွက်သို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းတွင် ပြည်တွင်းဈေးကွက်၌ မတ်ပဲအမျိုးအစားလိုက် တစ်တန်လျှင် ကျပ်သိန်း ၃၀ နီးပါးမှ ကျပ် ၃၃ သိန်းကျော်သာ ရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၅ ရက် (ယမန်နေ့)တွင် မတ်ပဲအမျိုးအစားလိုက် တစ်တန်လျှင် ကျပ် ၃၅ သိန်းမှ ကျပ် ၃၈ သိန်းခန့်အထိ ဖြစ်ပေါ်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။ ထို့အတူ အိန္ဒိယမှ အဓိကဝယ်ယူသည့် ပဲစဉ်းငုံမှာလည်း တစ်တန်လျှင် ၃၃ သိန်းခွဲကျော်သာရှိခဲ့ရာမှ ကျပ် ၄၂ သိန်းနီးပါးအထိ မြင့်တက်နေခြင်းဖြစ်သည်။
ပုံစာ- ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မတ်ပဲစိုက်တောင်သူများကို တွေ့ရစဉ်