October 19, 2024

၆. ၂. ၂၀၂၄
Written by Nay Aung

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းများ မလုပ်ဆောင်သင့်ကြောင်း ရုရှားအစိုးရက ပြောဆိုလိုက်သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်နီးစပ်သော သံတမန်အရင်းအမြစ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့အရေးနှင့်ပတ်သက်ကာ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရပြီး အဆိုပါ အစည်းအဝေးအတွင်း တရုတ်နှင့် ရုရှားနိုင်ငံတို့သည် SAC ဘက်မှ ကာကွယ်ပြောဆိုခြင်းများရှိခဲ့ကာ အခြား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီသံတမန်ရေးအရင်းအမြစ်က ပြောသည်။

ကုလသမဂ္ဂဆိုင်ရာတရုတ်သံတမန်က မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကို အချိန်နှင့်နေရာ ပိုပေးရမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့်နီးစပ်သော သံတမန်အရင်းအမြစ်က ပြောသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများထဲတွင်ပါဝင်နေသည့် အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လ်တာ၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွတ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့က SAC အဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့ပြီး လေကြောင်းတိုက် ခိုက်မှုများရပ်တန့်ရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း မြန်မာနိုင်ငံမှ လေယာဉ်ဆီများ ရရှိနေခြင်းကို တားဆီးရပ်တန့်နိုင်ရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံကလည်းမြန်မာပြည်သူများ၏ ဆန္ဒနှင့်အကျိုးစီးပွားအပြင် တရားဥပဒေစိုးမိုးမှု၊ လွတ်လပ်စွာပြောရေးဆိုခွင့်နှင့် လူအခွင့်အရေးကို လေးစားလိုက်နာရန်နှင့် မြန်မာ့နိုင်ငံရေးပဋိပက္ခတွင်ပါဝင်နေသည့်အဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုသည့်အချက်များလည်း တိုးတက်မှုမရှိသေးကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

Ref usnews

Leave a Reply

Your email address will not be published. Required fields are marked *