October 19, 2024

၆. ၂. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာ့တပ်မတော်က ခေတ္တယာယီ ထိန်းသိမ်းထားခဲ့ပြီးနောက် သုံးနှစ်ကြာမြင့်ချိန်တွင် ပဋိပက္ခ အခြေအနေအတွင်းရောက်ရှိကာ အကြမ်းဖက်မှုများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံ၌ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်ဦးတည်လျက် ထိုင်းနိုင်ငံအစိုးရက လူသားချင်းစာနာထောက်ထားမှုစီမံချက်ကို ဦးဆောင် ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ခက်ခို(Sihasak Phuangketkeow) က ပြောကြားခဲ့သည်။

ထိုင်းအစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုံခြုံရေးဇုန်တစ်ခုကို မြန်မာနှင့်ထိုင်းနယ်စပ်၊ မဲဆောက်-မြဝတီ နယ်စပ် ဖြတ်ကူးဂိတ်အနီးတွင် ဖေဖော်ဝါရီလကုန်ပိုင်း၌တည်ဆောက်သွားကာ ဒေသခံလူ့အဖွဲ့အစည်းများနှင့် စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ခန့်အား အစားအစာနှင့် ဆေးဝါးထောက်ပံ့မှု များပြုလုပ်သွားရန် စီစဉ်ထားသည်။

မစ္စတာ ဆီဟာဆက်က အဆိုပါ စီမံချက်က အာဆီယံအဖွဲ့ကြီး၏ အားထုတ်မှုများကိုလည်းကြီးပွားတိုးတက်စေမည်ဖြစ်ကြောင်း ပြောခဲ့သည်။ အာဆီယံအနေဖြင့် မြန်မာ့တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးအစီအစဉ်ကို ကြိုးစားလျက်ရှိသော်လည်း အောင်မြင်ခြင်းမရှိသေးပေ။ မစ္စတာဆီဟာဆက်က ထိုင်းအစိုးရ၏ စီမံချက်က ပဋိပက္ခအခြေအနေကိုထိန်းသိမ်းနိုင်ရန်ဖြစ်ကြောင်းနှင့် ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်းများ ပွင့်လာစေရန်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ၎င်းက “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ဒီထက်ပိုပြီးမတည်မငြိမ်ဖြစ်မှာကိုမလိုလားဘူး။ ဒီတော့ ကျွန်တော်တို့ စီမံချက်က ထိရောက်မှုရှိရမယ်။ ယုံကြည်စိတ်ချမှုရှိရမယ်။ ပွင့်လင်းမြင်သာမှုရှိရမယ်” ဟု လည်း ပြောကြားသွားခဲ့သည်။

ထိုင်းအစိုးရ၏စီမံချက်အား ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးမှုတွင် အတည်ပြုခဲ့သည်။အာဆီယံ လူသားချင်းစာနာမှု အထောက်အပံ့ပေးရေးအဖွဲ့၏ စောင့်ကြည့်လေ့လာမှုအောက်တွင် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံ ကြက်ခြေနီအဖွဲ့များက လက်တွေ့ ထောက်ပံ့မှုများပြုလုပ်သွားမည်ဟုလည်း သိရသည်။ ကုလသမဂ္ဂက အနည်းဆုံး ပြည်သူ ၂ ဒသမ ၆ သန်းခန့် တိုက်ပွဲများမှတိမ်းရှောင်နေကြရကာ ပြည်သူ ၁၈ သန်းကျော် အထောက်အပံ့ လိုအပ်နေသည်ဟု ပြောခဲ့သည်။

မစ္စတာဆီဟာဆက်က ထိုင်းအစိုးရ၏စီမံချက်တွင် တွေ့ဆုံညှိနှိုင်းမှုများကို မြန်မာအစိုးရနှင့် လူမျိုးစု လက်နက်ကိုင်အဖွဲ့များ၊ NUG ခေါ် ပြည်ပရောက်အစိုးရဆန့်ကျင်ရေးအင်အားစုများ၏ အစိုးရတို့အကြား ပြုလုပ်သွားနိုင်ရန်လည်း ဦးတည်သည်ဟုဆိုခဲ့သည်။ သို့သော် ထိုသို့လက်နက်ကိုင်အင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးရန်မြန်မာအစိုးရက လက်ခံသဘောတူခြင်းရှိမရှိ ၎င်းက ပြောကြားခြင်းမရှိသေးပေ။

၎င်းက ညှိနှိုင်းဆွေးနွေးပွဲ လုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ်၏ နှစ်လယ်ခန့်တွင် စတင်မည်ဟုသာ ပြောခဲ့သည်။ အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိသေးပေ။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံတကာမိတ်ဖက်များကိုလည်း မြန်မာနိုင်ငံအားအကျပ်အတည်းအခြေအနေမှ ကယ်တင်နိုင်ရေး ကူညီပူးပေါင်းဆောင်ရွက်ရန် ထိုင်းအစိုးရက တိုက်တွန်းထား သည်။

နောက်ဆုံးအနေဖြင့်မူ မစ္စတာဆီဟာဆက်က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းနဲ့ပြန်လည်ထိတွေ့မှုရှိစေဖို့ အပြုသဘောရည်ရွယ်ဆောင်ရွက်နေတာပါ။ ဒါဟာ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ စတင်နိုင်ဖို့လည်း အခွင့်အလမ်းတစ်ရပ်ပါပဲ” ဟု ပြောကြားသွားခဲ့သည်။

Ref -Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *