October 30, 2024

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်သို့သွားသည့် လမ်းဆုံတစ်နေရာအား တွေ့ရစဉ်

၂. ၁၂. ၂၀၂၂

Written By A Thaung

လုံခြုံရေးအခြေအနေအရ ညမထွက်ရအမိန့်အား အခွင့်ကောင်းယူကာ စက်မှုဇုန်များရှိ စက်ရုံများတွင်တပ်ဆင်ထားသည့် ထရန်စဖော်မာများအား အလုံးလိုက်ခိုးယူခြင်းများရှိနေကြောင်း စက်မှုဇုန်စက်ရုံလုပ်ငန်းရှင် အသိုင်းအဝိုင်းက MT News သို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်နှင့် တောင်ဒဂုံစက်မှုဇုန်များရှိ စက်ရုံများတွင်တပ်ဆင်ထားသည့် လျှပ်စစ်ကေဘယ်လ်ကြိုးများ ညအချိန်တွင် ဖြုတ်ခိုးယူခြင်းခံနေရသည့်အပြင် ထရန်စဖော်မာများအား ကာရံထားသည့် ခြံစည်းရိုးသံပန်းများပါ ခိုးယူသွားကြောင်း ရွှေပြည်သာစက်မှုဇုန်မှ စက်ရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မနက်မိုးလင်းလို့ အိပ်ယာကမနိုးသေးဘူး။ စက်ရုံက ဖုန်းဆက်တယ်။ ထရန်စဖော်မာ အခိုးခံရလို့တဲ့။ ဒီလောက်ကြီးတဲ့ ထရန်စဖော်မာကိုတောင် ရအောင်ခိုးသွားတာ။ သူတို့လုပ်သွားတဲ့အချိန်ကလည်း ညနှစ်နာရီလောက်အချိန်ကြီး” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များအနက် လှိုင်သာယာစက်မှုဇုန်တွင် အဓိကခိုးယူခံနေရခြင်းဖြစ်ပြီး နေ့ဘက်တွင်လည်း ကုမ္ပဏီဝန်ထမ်းအယောင်ဆောင်ကာ လိမ်လည်ခိုးယူခြင်းများရှိနေကြောင်း ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်တစ်ဦးက ပြောသည်။

“မီးပျက်တဲ့အခါ ဒါမျိုးအဖြစ်အပျက် တော်တော်များများကြုံရတယ်။ ကြိုးတွေဖြုတ်ခိုးတယ်။ Panel တွေ ဖြုတ်တယ်။ အဆိုးဆုံးက လှိုင်သာယာမှာ နေ့ခင်းကြောင်တောင် ကရိန်းနဲ့ ရုံးကလိုလိုဘာလိုလိုနဲ့ အလုံးလိုက်လာဖြုတ်တာ မိပြီးပြီ။ အပြင်မှာထားတာထက် နောက်ပိုင်းတိုင်ပေါ်မှာတင်ထား၊ ဒါမှမဟုတ် အလုံပိတ် Box Type စနစ်နဲ့ လုံခြုံအောင်ထားရတော့မယ်။ အပြင်မှာထားရင်လည်း အချိန်ပြည့်စောင့်ကြည့်လို့ရမယ့် CCTV တပ်ထားမှဖြစ်တော့မယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက လှိုင်သာယာစက်မှုဇုန်၊ ဇုန်အမှတ် (၇) ရှိ ထရန်စဖော်မာတစ်လုံး ခိုးယူခံရသည့်အတွက် စက်ရုံလုပ်ငန်းရှင်များစုပေါင်းကာ အချိန်မီပြန်လည်တပ်ဆင်ခဲ့ရကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးမကြာခဏပျက်တောက်နေသည့်အတွက် ထရန်စဖော်မာခိုးယူခံရခြင်းများလာပြီး စက်မှုဇုန်များတွင် ထရန်စဖော်မျာများမပျောက်စေရန် ကင်းလှည့်စောင့်ကြည့်နေရကြောင်း MT News မှ စုံးစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *