October 20, 2024

၆. ၁. ၂၀၂၄
Written by Tha Doe

နိုင်ငံ့အာဏာကို တပ်မတော်ရယူထိန်းသိမ်းတဲ့ကာလ သုံးနှစ်ပြည့်မြောက်မှုနဲ့ပတ်သက်ပြီး NUG နဲ့ တော်လှန်ရေးအဖွဲ့တွေက ဘုံသဘောထားရပ်တည်ချက်ကို ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်မှာ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့နဲ့ အခြားတိုင်းရင်းသားတွေ မပါဘဲ K3C လို့ခေါ်တဲ့ KIO KNU KNPP နဲ့ CNF တို့ပဲ ပါဝင်တယ်လို့ ဒီမနက်မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံလာပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းစုံရှိပြီး စစ်အင်အားကောင်းတဲ့ UWSA အပါအဝင် ရှမ်း၊ မွန်၊ မြောက်ပိုင်းလက်နက်ကိုင်တွေဖြစ်တဲ့ တအာင်း TNLA ကိုးကန့် MNDAA ရခိုင် AA စတဲ့ လူမျိုးကြီး လက်နက်ကိုင်တွေအပြင် ဗမာလူမျိုးကိုယ်စားပြု လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ဆယ်ရာချီရှိပေမဲ့ NUG ကတော့ ကချင်၊ ကယား၊ ကရင်၊ ချင်း လေးဖွဲ့နဲ့ပဲ ဘုံသဘောတူညီချက် ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

“ဒီဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် (K3C) လို့ခေါ်တဲ့ KIO, KNU, KNPP, CNF တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲတွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာ ရရှိထားတဲ့ အချက်တွေ ဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲအစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို ပြောချင်ပါတယ်”လို့ ဒူဝါလရှီးလက သူတို့ရဲ့ ဘုံသဘောတူညီချက်က တိုင်းရင်းသားလက်နက်ကိုင်အားလုံးမပါဝင်တဲ့အပေါ် ဝန်ခံပါတယ်။

NUG နဲ့ K3C တို့ ဘုံသဘောတူညီမှု ထုတ်ပြန်ချက်မှာ မျှော်မှန်းချက်တစ်ရပ်၊ ဦးတည်ချက် ခြောက်ချက်၊ ရပ်တည်ချက် ကိုးချက်နဲ့ လုပ်ငန်းစဥ်အဆင့်ဆင့် ခြောက်ချက် ဖော်ပြထားတာ တွေ့ရပြီး ဦးတည်ချက် ၆ ချက်မှာ တပ်ကနိုင်ငံရေးက ထွက်ဖို့၊ လက်နက်ကိုင်တပ်အားလုံး အရပ်သားအစိုးရအောက်ထားဖို့၊ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေဖျက်သိမ်းဖို့နဲ့လက်ခံသူတွေတိုက်ခိုက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီအခြေခံ ဥပဒေရေးဆွဲပြဌာန်းဖို့၊ ဖက်ဒရယ်ခြေဥအသစ်နဲ့ပြည်ထောင်စုအသစ်တည်ဆောက်ဖို၊ ပဋိပက္ခကာလအတွင်း မတရားခံရသူတွေ တရားမျှတမှုရရှိဖို့နဲ့ အသွင်ကူးပြောင်းကာလ တရားမျှတဖို့ဆိုတာကို ရေးဆွဲထားပြီး ဒီခြောက်ချက်ကို တပ်မတော်က လက်ခံရင် လုပ်ငန်းစဥ်အဆင့်ဆင့်မှာ “(ခ) မြန်မာစစ်တပ်တာဝန်ရှိသူ များအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီလိုမျိုး လက်ခံပြီးပြီဆိုရင် နိုင်ငံရေးအစုအဖွဲ့တွေအားလုံးပေါင်းပြီး ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နဲ့ အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရတွေ ဖွဲစည်းပြီး အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲစည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းမယ်။ ဒီလိုရေးဆွဲပြဌာန်းပြီးမှ NUG ဦးဆောင်သူတွေပဲ အာဏာဆက်လက်ထိန်းချုပ်မဲ့ အချက်အဖြစ် “တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်း ခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ဒီမိုကရေစီ ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲစည်းခြင်း။” ဆိုတာကို ဖော်ပြထားတာ တွေ့ရတာကြောင့် ဒီဘုံသဘောတူညီချက်ဟာ NLD ကို လုံး၀ထည့်သွင်းမစဉ်းစားထားဘဲ NUG နဲ့ လက်နက်ကိုင်တွေကပဲ ထာ၀ရ အာဏာဆုပ်ကိုင်ထားဖို့ ရည်မှန်းထားတာလို့ ဝေဖန်ခံရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *