October 20, 2024

၆. ၂ .၂၀၂၄
Written by Hey Mar

မြိတ်မြို့ ကမ်းနားမှာ ကုန်တင်လှေတွေ မီးလောင်နေပြီး မြိတ်မြို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံ အသင်းတွေက လက်ရှိအချိန် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှ မီးထိန်းနိုင်ခဲ့တယ်လို့ မြေပြင်မှာ အကူအညီပေးနေတဲ့ ရွှေရောင်နေ့သစ် လူမှုကူညီရေး အသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဖြစ်စဥ်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ကျော်စိုးဝင်းဆိပ်ခံတံတားမှာ လောင်ကျွမ်းနေတာဖြစ်ပြီး သစ်သားခွံ ကုန်တင်စက်လှေ သုံးစီး လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

“စ လောင်တဲ့ စက်လှေက ချိုချိုဝင်း စက်လှေလို့ သိရပါတယ်။ သူက မြိတ်ကနေ ဘုတ်ပြင်းမြို့ဘက်က ရွာတွေကို ကုန်ပစ္စည်းတင်ပို့တဲ့လှေပါ။ ကုန်တင်လှေဆိုတော့ ဓာတ်ဆီတွေ ဘာတွေလည်း ပါပါတယ်။ ရွာမှာသုံးဖို့ လူသုံးကုန် အိမ်ဆောက်ပစ္စည်း၊ အဝတ်အထည်၊ စားကုန် အစုံပါတဲ့ လှေကြီးတွေပါ။ ရေစစ်ချိန် ဖြစ်နေတော့ လှေတွေက ဆိပ်ခံတံတားပေါ် တင်နေသလို ဖြစ်နေတာပေါ့ ဆက်လျှက်ရပ်ထားတဲ့ လှေတွေဆီပါ မီးကူးတော့ သုံးစီး ဆက်လောင်သွားတာပါ။ မီးထိန်းနိုင်ပေမယ့် လုံးဝငြိမ်းဖို့ အချိန်ယူရပါဦးမယ်” လို့ ရွှေရောင်နေ့သစ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT Newsကို ပြောပါတယ်။

အဆိုပါ အသင်းကပဲ ဆက်လက်ပြီး မီးစတင်လောင်ကျွမ်းရတဲ့ ဖြစ်စဥ်ကို မသိရှိရကြောင်း၊ အမျိုးသမီးတစ်ဦး အထိအခိုက်ရှိပြီး မိတ်ဖက်အသင်း ကားနဲ့ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးကို တင်ပို့ခဲ့ကြောင်း၊ စက်လှေအပါ ကုန်ပစ္စည်းတွေရဲ့ လောင်ကျွမ်းတန်ဖိုးက ကျပ်သိန်းထောင်ချီနိုင်ကြောင်း ပြောပြပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှူ ဖြစ်စဥ်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မြိတ်မြို့စခန်းက Level – 2 အဆင့် ခေါ်ယူ ငြှိမ်းသတ်ခဲ့ရပါတယ်။

ဓာတ်ပုံ – ရွှေရောင်နေ့သစ် လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *