October 30, 2024

ရုရှားနှင့် တရုတ်အကြား စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတစ်ခုကို တွေ့ရစဥ်

၂. ၁၂. ၂၀၂၂

Written by Htwe Ko Tun

ရုရှားနှင့်တရုတ်နိုင်ငံတို့၏ မဟာဗျူဟာဗုံးကြဲလေယာဉ်ကြီးများက ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် ပူးတွဲပျံသန်းလေ့ကျင့်မှုများပြုလုပ်ခဲ့ကြရာ နှစ်နိုင်ငံအကြားကာကွယ်ရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှု တိုးတက်လာနေခြင်းကို ပြသလိုက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားလေတပ်မှ TU-59 ဗုံးကြဲလေယာဉ်များနှင့် တရုတ်လေတပ်မှ H-6K. ဗုံးကြဲ လေယာဉ်များသည် ဂျပန်ပင်လယ်မှသည် အရှေ့တရုတ်ပင်လယ်ထိ ရှစ်နာရီကြာ ပျံသန်းလေ့ကျင့်ခဲ့ကြကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားဗုံးကြဲလေယာဉ်များက တရုတ်နိုင်ငံသို့ ပထမဆုံးမြေပြင်ဆင်းသက်မှုပြုလုပ်ခဲ့ကြပြီး တရုတ်ဗုံးကြဲလေယာဉ်များကလည်း ရုရှားနိုင်ငံအတွင်း လေတပ်အခြေစိုက်စခန်းတစ်ခုသို့ ပျံသန်းခဲ့ကြသည်။ တရုတ်ကာကွယ်ရေးဝန်ကြီးက ၎င်းမှာတပ်မတော်နှစ်ခုအကြား နှစ်စဉ်ပူးပေါင်းဆောင်ရွက်ရေးစီမံချက်၏ ပုံမှန်အပိုင်းတစ်ခုဟု ပြောကြားခဲ့သည်။

အမေရိကန်နှင့်ဆက်ဆံရေးတင်းမာနေသောနှစ်နိုင်ငံအကြား စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကိုပြနေသောပူးတွဲစစ်ရေးလေ့ကျင့်မှုများစွာပြုလုပ်ခဲ့အပြီးတွင် ယခုလေ့ကျင့်မှုကို ဆက်လက်ပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။ စက်တင်ဘာလကလည်း တရုတ်နိုင်ငံက တပ်ဖွဲ့ဝင် ၂,ဝဝဝ ကျော်ကို စစ်ဖက်ယာဉ် ၃ဝဝ ကျော်၊ တိုက်လေယာဉ် ၂၁ စီး၊ စစ်သင်္ဘောသုံးစီးတို့နှင့်အတူ ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်ပို့ခဲ့သေးသည်။ ၎င်းကလည်း တရုတ်နှင့်ရုရှားအကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ယုံကြည်အားထားမှုတို့ မြင့်တက်လာခြင်းကို ပြသရာရောက်ခဲ့သည်။

ရုရှားနှင့်တရုတ်ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမှာ ရုရှားသမ္မတပူတင်က ရုရှားတပ်ဖွဲ့များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းသို့စေလွှတ်တိုက်ခိုက်ခဲ့သည်မှစ၍ ပိုမိုခိုင်မာလာသည်ကို တွေ့ရသည်။ တရုတ်အစိုးရက ရုရှားနိုင်ငံနှင့်ချစ်ကြည်မိတ်ဆွေဖြစ်မှုတွင် တစ်စုံတစ်ရာအကန့်အသတ်ရှိမည်မဟုတ်ကြောင်းကြေညာခဲ့သည်။ ရုရှားအစိုးရ ၏ လုပ်ရပ်များအတွက် ဝေဖန်ပြောကြားရန် ငြင်းဆိုခဲ့သည့်အပြင် အမေရိကန်နှင့်နေတိုးအဖွဲ့က ရုရှားအစိုးရကို ရန်စလျက်ရှိကြောင်းနှင့် ရုရှားနိုင်ငံကို ပိတ်ဆို့မှုများအတွက်ပါ စွပ်စွဲပြစ်တင်ခဲ့သည်။

အပြန်အလှန်အနေဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ တရုတ်တိုင်ဝမ်သို့လာရောက်ခဲ့အပြီး ဖြစ်ပေါ်လာသော တရုတ်နှင့်အမရိကန်တင်းမာမှုများ၌လည်း ရုရှားအစိုးရက တရုတ်နိုင်ငံဘက်မှ ရပ်တည်ခဲ့သည်။

အမေရိကန်အစိုးရက ရုရှားနိုင်ငံအား စစ်ရေး (သို့မဟုတ်) စီးပွားရေးအထောက်အကူပြုမှုအနေဖြင့် တစ်စုံတစ်ရာကမ်းလှမ်းခြင်းမပြုရန် တရုတ်အစိုးရအား သတိပေးခဲ့သည်။ သို့သော် စွမ်းအင်ကြီးမားစွာလိုအပ်နေသော တရုတ်နိုင်ငံ၏စီးပွားရေးက ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့်ရေနံကုမ္ပဏီကြီးများအတွက် အကြီးမားဆုံးသော ဝယ်ယူသုံးစွဲသူတစ်ဦးဖြစ်စေခဲ့သည်။တရုတ်နိုင်ငံက ရုရှားမှ ရေနံနှင့်ဓါတ်ငွေ့ဝယ်ယူမှုများ လွန်ခဲ့သောတစ်နှစ်ကထက် နှစ်ဆမြင့်တက်လာခဲ့ပြီး အောက်တိုဘာ လအထိ အမေရိကန်ဒေါ် လာ ၁ဝ ဒသမ၂ ဘီလျံဖိုးရှိခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်တွင်လည်း တရုတ်သမ္မတရှီကျင့်ဖိန်က တရုတ်အစိုးရအနေနှင့် ရုရှားနိုင်ငံအား စွမ်းအင်ကဏ္ဍတွင် အနီးကပ်လက်တွဲဆောင်ရွက်ဖက်အဖြစ် ပြုလုပ်သွားရန် အဆင်သင့်ရှိကြောင်း ထပ်မံပြောကြားခဲ့ရာနှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံမှ ဆက်ဆံရေးများတိုးတက်လာမည့်အလားအလာဟုသာ သုံးသပ်ရပေမည်။

Leave a Reply

Your email address will not be published. Required fields are marked *