October 20, 2024

၆. ၂. ၂၀၂၄
Written by Pan Ei

ယူကရိန်းနိုင်ငံဖွား အလှမယ် ကာရိုလိုင်းနား ရှင်နိုက ၂၀၂၄ ခုနှစ်အတွက် Miss Japan အဖြစ် ရွေးချယ်ခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့ လအတွင်းက အငြင်းပွားမှုတွေရှိခဲ့ပြီး အခုအခါမှာတော့ သူမဟာ အိမ်ထောင်ရှင်တစ်ဦးနဲ့ ဆက်ဆံရေးရှိနေကြောင်း မဂ္ဂဇင်းတစ်စောင်က ဖော်ပြခဲ့ပြီးနောက်မှာ သူမဟာ မနေ့က သရဖူကို စွန့်လွှတ်လိုက်တယ်လို့ ပြိုင်ပွဲစီစဉ်သူက ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ကာရိုလိုင်းနား ရှင်နိုက ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က ဂျပန်နိုင်ငံအလှမယ် သရဖူဆုကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့ သူမရဲ့ အမွေအနှစ်ကြောင့် လူသိရှင်ကြား ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး တချို့က နိုင်ငံသားခံယူထားတာကြောင့် ပါဝင်ယှဉ်ပြိုင်ပြီး သရဖူဆောင်းနိုင်ခဲ့တာအတွက် ကြိုဆိုခဲ့ကြပေမဲ့ တချို့ကလည်း သူမဟာ ဂျပန်ရိုးရာ အလှတရားတွေကို ကိုယ်စားမပြုကြောင်း ပြောဆိုကြကာ အငြင်းပွားခဲ့ကြတာပါ။

ခုလို နိုင်ငံနဲ့တဝှမ်း ဒေါသတကြီးဖြစ်နေတဲ့ကြားကနေ ပြည်တွင်း မဂ္ဂဇင်းတစ်စောင်က သူမဟာ အိမ်ထောင်ရှိ ဆရာဝန်တစ်ယောက်နဲ့ စေ့စပ်ထားကြောင်း ဖော်ပြခဲ့တာဖြစ်ပြီး အလှမယ် ရှင်နိုက သတင်းအပေါ် ကနဦးတုံ့ပြန်မှုအနေနဲ့ အဆိုပါအမျိုးသားဟာ လက်ထပ်ခဲ့တာကို သူမ မသိကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မနေ့ကတော့ သူမဟာ အဲ့ဒီအမျိုးသားရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း သိရှိကြောင်း ဝန်ခံပြောဆိုခဲ့ကာ လွဲမှားခြင်းအတွက် ပရိသတ်တွေနဲ့ အများပြည်သူကို တောင်းပန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲစီစဉ်သူတွေကလည်း ဂျပန်အလှမယ်အဖြစ်ကနေ နုတ်ထွက်ဖို့ ရှင်နို ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ Miss Japan Association က ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံက အလှမယ်ဆုရှင်တစ်ဦးဟာ သူ့ရဲ့ သရဖူကို စွန့်လွှတ်တာဟာ ခုဖြစ်ရပ်က ပထမဆုံးဖြစ်ပြီး အခုနှစ်အတွက် အလှမယ်သရဖူပိုင်ရှင်ရာထူးက လစ်လပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူက ပြောကြားခဲ့ပါတယ်။

Ref; The Japan Times

Leave a Reply

Your email address will not be published. Required fields are marked *