October 19, 2024

၆. ၂ .၂၀၂၄
Written by Hey Mar

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့မှာတည်ရှိတဲ့ Thantlang Hill Resort ကို မည်သည့်အဖွဲ့အစည်းတွေကမဆို ထပ်မံ မဖျက်စီး မနှောင့်ယှက်ဘဲ တိုင်းပြည်လည်ပြန်လည်တည်ငြိမ်လာတဲ့အခါ အေးချမ်းစွာပြန်လည်ဖွင့်လှစ်နိုင်အောင် ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့ ပိုင်ရှင် ဒေါ်တင့်တင့်လွင်က Thantlang Hill Resort ပေ့ချ်ကနေ မေတ္တာရပ်ခံထားပါတယ်။

မေတ္တာရပ်ခံစာ အပြည့်အစုံက “ကျွန်မဒေါ်တင့်တင့်လွင်သည် မိမိအလွန်တရာမှချစ်ခင်လှသော ချင်းလူမျိုးများ၊ ချင်းရိုးရာယဥ်ကျေးမှုများ၊ ချင်းပြည်နယ် ၏တောတောင်ရေမြေသဘာဝများကြောင့် မည်သည့်လုပ်ငန်းရှင်မှရင်းနှီးမြုပ်နှံမှုမပြုလုပ်လိုသောဒေသတွင် သိန်းပေါင်း ၁၂၃၆၀ တိတိအကုန်အကျခံ၍ မိမိကိုယ်တိုင်နေ့မအိပ်ညမအိပ် “ချင်းတောင်တန်းပေါ်ကအိမ်မက်များ PROJECT ‘” ကိုအကောင်အထည်ဖော်ကာ Thantlang Hill Resort ကိုဆောက်လုပ်ခဲ့ပါတယ်….

ချင်းပြည်မှာ …
၁။ ဟိုတယ်ဆောက်ခြင်း
၂။ အခမဲ့ဟိုတယ်လုပ်ငန်းသင်တန်းများပေးခြင်း
၃။ ချင်းယက္ကန်းစင်များဝယ်၍အမျိုးသမီးများအား ယက္ကန်းပညာသင်ပေးခြင်း
၄။ ရွာမီးလင်းရေးအတွက် 60 KvA မီးစက်လူဒါန်းခြင်း
၅။ ရေရရှိရန်တူးဖော်ခြင်း
၆။ ဘုရားကျောင်းဆောက်လုပ်ရန်လှူဒါန်းခြင်း
၇။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက်ဂျာမနီမှ ခရီးသွား Company များနှင့်ပူးပေါင်း၍ ခရီးစဥ်များရေးဆွဲခြင်း
၈။ ကြော်ငြာခြင်းစျေးကွက်ဖော်ဆောင်ခြင်း
၉။ ရိခေါ်ဒါရ်နယ်မြေတဝိုက် Tour package များရေးဆွဲ၍ Day trip များ Border package များစီစဥ်ခြင်း
၁၀။ စစ်ဘေးရှောင်များနေရာကို အစားအသောက်ပို့ဆောင်စဥ် မိမိကုန်တင်ကားအား အခမဲ့အသုံးပြုစေခြင်း
၁၀။ အသက်အန္တရာယ်ရှိသောနေရာများကို ကိုယ်တိုင်ကားမောင်း၍ ဆောက်လုပ်ရေးလုပ်ငန်းစဥ်များအတွက် ကြီးကြပ်ခြင်းတို့ကိုပြုလုပ်ခဲ့ပါသည်။

ယခုအခါတိုင်းပြည်မတည်ငြိမ်စဥ်ကာလအတွင်းမိမိပိုင်ဟိုတယ်အား စစ်ဘေးဒဏ်ထိခြင်း၊ ဟိုတယ်တွင်းပစ္စည်းများအားလုံး ယူဆောင်သွားကြခြင်း ပြုလုပ်ခံရပါသည့်အတွက် မိမိ၏စားဝတ်နေရေးငွေကြေးကြီးမားစွာဆုံးရှုံးရပါသည်။

သို့ပါ၍ မိမိ၏ချင်းတောင်အပေါ် အနစ်နာခံမှုများကိုကိုယ်ချင်းစာနာသောအားဖြင့် မိမိ၏ဟိုတယ်အားထပ်မံမဖျက်စီးကြပါရန်နှင့် မည်သည့်အဖွဲ့အစည်းမဆိုမိမိ၏ဟိုတယ်အား စာနာသက်ညှာသောအားဖြင့်ငြိမ်းချမ်း၍ ပြန်လည်အလုပ်လုပ်နိုင်မည့်တစ်နေ့အထိ စောင့်ရှောက်ထိန်းသိမ်း၍ ပြန်လည်ပေးအပ်ပါရန်လေးစားစွာသက်ဆိုင်သူမည်သူကိုမဆိုအနူးအညွတ်တောင်းပန်အပ်ပါသည်။ ဒေါ်တင့်တင့်လွင်၊ Owner Thantlang Hill Resort” လို့ ရေးသားထားတာပါ။

ဟားခါးနဲ့ ထန်တလန်မြို့အကြား ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် သြဂုတ် ၂၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ကာ စစ်ရှိန်မြင့်လာတာနဲ့အမျှ မြို့ပေါ်နေ လူထုတို့ အိန္ဒိယနိုင်ငံ နယ်စပ်ကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခိုလှုံကြရတာဖြစ်ပါတယ်။

ထန်တလန်မြို့ပေါ်မှာ စုစုပေါင်း အိမ်ခြေ ၁၈၀၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀၀ ကျော် နေထိုင်ကြပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ထန်တလန် PDF နဲ့ တပ်မတော်တို့ ထိတွေ့တိုက်ပွဲအပြီးမှာ ထန်တလန်မြို့ပေါ်ရှိ Church on the Rock (COTR) ခရစ်ယာန်ဘုရားကျောင်းနဲ့ Presbyterian ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အိမ်ခြေ ၁၅၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး မြို့လုံးကျွတ်နီးပါး ပြည်သူတွေကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ကျေးရွာတွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *