October 20, 2024

၆. ၂. ၂၀၂၄
Written by Pan Ei

အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင် King Charles III ဟာ ကင်ဆာရောဂါတစ်မျိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ကုသမှုခံယူဖို့ အများသူငှာ ထိတွေ့ဆက်ဆံမှုတွေကို ရွှေ့ဆိုင်းထားမယ်လို့ ဘက်ကင်ဟမ်နန်းတော်က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက မိခင် အဲလိဇဘက်ဘုရင်မကြီး ကွယ်လွန်ပြီးခဲ့နောက် ဘုရင်ဖြစ်လာခဲ့တဲ့ Charles ဘုရင်ဟာ ကုသမှုတွေကို ဆက်တိုက်ဆိုသလို ခံယူနေပြီး တတ်နိုင်သမျှ အချိန်ပြည့်တာဝန်တွေကို အမြန်ဆုံးပြန်လည်ထမ်းဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း နန်းတော်က ပြောကြားခဲ့ပါတယ်။

Charles ဘုရင်ဟာ ပြီးခဲ့တဲ့လက ဆီးကျိတ်ရောဂါကြောင့် ဆေးရုံမှာ သုံးညတာ နေထိုင်ခဲ့ရပြီးနောက် ကင်ဆာရောဂါဟာ ပေါ်လွင်လာခဲ့တာဖြစ်ပြီး နန်းတော်က ဘုရင့်မှာ တွေ့ရှိခဲ့တဲ့ ကင်ဆာအမျိုးအစားကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

လူထုနဲ့ တွေ့ဆုံပွဲတွေကို ခေတ္တရပ်ထားပေမဲ့ ဘုရင်ဟာ စာရွက်စာတမ်းတွေနဲ့ သီးသန့်အစည်းအဝေးတွေအပါအဝင် နိုင်ငံတော်ရဲ့အကြီးအကဲအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခန်းကဏ္ဍကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး အများသူငှာနဲ့ တွေ့ဆုံပွဲတွေကိုတော့ ဘုရင်ကိုယ်စား ဝေလမင်းသား ဝီလျံနဲ့ မိဖုရား Camilla တို့က တာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Charles ဘုရင်ဟာ သူ့ရဲ့ ရောဂါရှာဖွေတွေ့ရှိမှုအကြောင်း သူ့ရဲ့သားနှစ်ယောက်စလုံးကို ကိုယ်တိုင်ကိုယ်ကျ အသိပေးခဲ့ပြီး သားအငယ် ဟယ်ရီက လာမယ့်ရက်တွေအတွင်း ဖခင်နဲ့ တွေ့ဆုံဖို့ ဗြိတိန်ကို ခရီးထွက်တော့မှာ ဖြစ်ပါတယ်။ ဗြိတိန်ဘုရင်ကို ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ဆုမွန်ကောင်းတွေပေးပို့ကြပြီး ထောက်ခံအားပေးနေကြပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *