၂. ၁၂. ၂၀၂၂
Written by Myo Khine
မလေးရှားနိုင်ငံတွင် မလေးရှားနိုင်ငံသားလေးဦးကို ရိုက်နှက်မှုဖြင့် နှစ်ရှည်ထောင်ကျခံရနိုင်ဖွယ်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦးမှာ ပြစ်မှုကျူးလွန်သူများမဟုတ်ဟု လိုက်ပါကူညီဆောင်ရွက်နေသူများက MT News သို့ ပြောသည်။
အဆိုပါဖြစ်စဥ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်က မလေးရှားနိုင်ငံ၊ မာလာကာခရိုင်၊ Taman Tasek Utama တိုက်ခန်းတွင် မလေးရှားနိုင်ငံသား သားအဖနှစ်ဦးအား ရန်ပြုတိုက်ခိုက်ခဲ့ကာ အနီးရှိ ကလေးငယ်နှစ်ဦးကိုလည်း အသံမထွက်ရန် ရိုက်နှက်ခဲ့သည်ဆိုသည့် အမှုကြောင့် အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦးမှာ တရားရင်ဆိုင်နေရကာ နှစ်ရှည်ထောင်ဒဏ်ကျခံရနိုင်သည့် အခြေအနေဖြစ်နေခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံဒေသတွင်း သတင်းများကို ကိုးကား၍ လိုက်ပါကူညီဆောင်ရွက်နေသည့် ကိုဘာဘူက ပြောသည်။
ရိုက်နှက်မှုကြောင့် အသက် ၅၀ နှစ်အရွယ် Murali Kuppusami ဆိုသူနှင့် အသက် ၁၉ နှစ်အရွယ် Daniel တို့ ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ Murali ဆိုသူမှာ အထူးကြပ်မတ်ဆောင် (ICU) ၌ ကိုမာဝေဒနာရှင်အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း သတင်းများတွင် ရေးသားနေကြကြောင်းလည်း သိရသည်။
လက်ရှိဖမ်းဆီးခံရကာ အမှုရင်ဆိုင်နေရသူများမှာ အသက် ၃၃ နှစ်အရွယ် မြဘိုး၊ အသက် ၃၁ နှစ်အရွယ် အောင်မြင့်သိန်း၊ အသက် ၃၀ အရွယ် ဝင်းဇော်၊ အသက် ၂၃ နှစ် အရွယ် ဇင်မင်းထက်၊ အသက် ၂၂ နှစ်အရွယ် ညွှန့်လင်းပိုင်နှင့် အသက် ၂၁ နှစ်အရွယ် ကျော်စွာထွန်းတို့ဖြစ်ပြီး မလေးရှားဘာသာစကားကို နားမလည်သူများဖြစ်ကြောင်း သိရသည်။
“ကျွန်တော် ဖြစ်ပွားတဲ့နေရာကို ရောက်ခဲ့ပါတယ်။ ဖြစ်ပွားတဲ့ အပေါင်းအသင်းတွေ မိသားစုဝင်တွေနဲ့ စကားပြောခဲ့တယ်။ စကားပြောပြီးတော့ အမှုကို ကိုင်တွယ်တဲ့ ရဲစခန်းကိုလည်း သွားခဲ့တယ်။ ရဲအရာရှိက နားရက်ဖြစ်နေလို့ ဖုန်းနဲ့ ပြောခွင့်ရခဲ့တယ်။ ရဲအရာရှိနဲ့ နောက်ထပ်ပြန်တွေ့ဖို့ ပြောဖြစ်ခဲ့ပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ဆက်လက်လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်သိထားရသလောက်တော့ အမှုမှာ ရင်ဆိုင်နေရတဲ့ ကလေး ၆ ယောက်ကတော့ မတရားခံနေရတဲ့ ပုံစံ၊ နားမလည် ပါးမလည်နဲ့ တချို့ဆိုရင် ဘာမှမသိတဲ့ ပုံစံမျိုး ဖမ်းဆီးခေါ်ဆောင်သွားတာခံရတာ ဖြစ်ပါတယ်။ ပြစ်မှုကို သူတို့မကျူးလွန်ဘဲနဲ့ အသားလွတ်ကြီး ဝင်ခံနေရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ တကယ်လုပ်သွားတဲ့သူတွေက ထွက်ပြေးကုန်ကြပါပြီ။ မြန်မာပြည်ကိုပြန်ရောက်တာလည်း ရှိမယ်။ ထိုင်းကိုရောက်နေတာတွေလည်း ရှိပါမယ်။ အဲဒီတော့ ကျွန်တော်ကတော့ အမှုမှန်ပေါ်ဖို့ပဲ လိုလားတယ်။ ကျွန်တော် တတ်စွမ်းသလောက် တတ်နိုင်သလောက် ရှေ့ဆက်ပြီး ကူညီသွားမှာပါ။ ကျန်ခဲ့တဲ့ကလေးတွေ၊ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ ထွက်ဆိုချက်အရ ဓာတ်ပုံတွေကတစ်ဆင့် လေ့လာပြီးတော့ ဒီစကားကို ပြောတာပါ။ လုပ်သွားလို့ ပျောက်သွားသူတွေလည်း ရှိနေပါတယ်။ သူတို့မလုပ်ဘဲ ထွက်ပြေးသွားစရာအကြောင်းမရှိဘူးလေ”ဟု ကိုဘာဘူက ပြောသည်။
အမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ ရှေ့နေက ကျူးလွန်သူများအား အာမခံမပေးရန် တောင်းဆိုထားကြောင်း၊ ယင်းဖြစ် စဥ်၏ ပြစ်မှုတစ်ခုစီအတွက် အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ၊ ပြစ်မှုနှစ်ခုအတွက် ထောင်ဒဏ် အနှစ် ၄၀ ထိ ချမှတ်နိုင်ကြောင်းလည်း သိရသည်။
ယင်းအမှု၏ စွပ်စွဲချက်၊ လျှောက်လဲချက်များကို လာမည့် ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာဘာသာပြန်ဖတ်ပြရမည် ဖြစ် ကြောင်းလည်း သိရသည်။