October 20, 2024

၆. ၂. ၂၀၂၄
Written by Nay Aung

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်းတွင် အထည်ချုပ်စက်ရုံပေါင်း ၂၉၈ ခု ရပ်နားသွားခဲ့ရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဖွင့်ဟပြောဆိုလိုက်ပြီး ရပ်နားသွားသော အထည်ချုပ်စက်ရုံအရေအတွက်က အထည်ချုပ်စက်ရုံအားလုံး၏ ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ်အတွင်း မြန်မာနိုင်ငံရှိအထည်ချုပ်စက်ရုံ ၅၂ ရုံ ရပ်တန့်သွားခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ရပ်တန့်သွားသော အထည်ချုပ်စက်ရုံအရေအတွက်က ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိစာရင်းအရ ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက်သည် အထည်ချုပ်စက်ရုံအားလုံး၏ ၃၁ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိတွင် ရပ်တန့်ခဲ့သော အထည်ချုပ်စက်ရုံအရေအတွက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

ကုန်ကျစရိတ်မြင့်တက်လာခြင်းနှင့် အလုပ်သမားများရှာရန်အခက်အခဲများရှိလာခြင်းကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည်အခက်အခဲများကို စတင်ရင်ဆိုင်နေရကြောင်း ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းဌာနကလည်း ဖော်ပြထားသည်။ အထည်ချုပ်အလုပ်သမားများသည် ပိုမိုကောင်းမွန်သောလစာနှုန်းများရရှိရန် ပြည်ပထွက်ခြင်း သို့မဟုတ် အခြားစက်ရုံများသို့ ပြောင်းရွှေ့ခြင်းများလည်း လုပ်ဆောင်ခြင်းများရှိနေသည်။

မြန်မာအစိုးရသည် ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် အထည်ချုပ်ဝန်ထမ်းများ၏ဝင်ငွေကို တစ်ရက် မြန်မာကျပ်ငွေ ၅၈၀၀ အထိ တိုးမြှင့်ပေးခဲ့သော်လည်း လက်ရှိဆန်ဈေးနှုန်းက ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် သုံးဆမြင့်တက်နေရာ လစာ တိုးမြှင့်ပေးခြင်းများက အလုပ်သမားများကို ကြီးမားသောအကျိုးကျေးဇူးမဖြစ်စေခဲ့ကြောင်းသိရသည်။

“အထည်ချုပ်စက်ရုံအလုပ်သမားတွေ အလုပ်ထွက်ရတဲ့အဓိကအကြောင်းအရင်းက ပြည်ပသွားပြီး အလုပ်လုပ်ဖို့ ဖြစ်တယ်။ ပြည်ပသွားပြီး အလုပ်လုပ်ဖို့ အထည်ချုပ် စက်ရုံလုပ်ငန်းတွေက ထွက်တဲ့အလုပ်သမားအရေ အတွက်ဟာ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနေတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် ဂျပန်အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Ref asia.nikkei

Leave a Reply

Your email address will not be published. Required fields are marked *