October 20, 2024

၆. ၂. ၂၀၂၄
Written by Zaw Moe

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF များထံ ပို့ဆောင်ရန် လက်နက်၊ ခဲယမ်းများအား ကားဂီယာဘောက် အဟောင်းများအတွင်း သိုဝှက်ထည့်သွင်း၍ ခရီးသည်ယာဉ်များဖြင့် ကရင်ပြည်နယ်မှ မန္တလေးသို့ အကြိမ်ကြိမ်သယ်ဆောင်နေသည့် NUG လက်အောက်ခံ မန္တလေး PDF နှင့် No-More Dictatorship-NMD အကြမ်းဖက်အဖွဲ့တို့ကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်သည်။

အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် အောင်မြေသာစံမြိုနယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၉၀ လမ်း၊ ၂၁ x ၂၂ လမ်းကြား၌ သီတာစိုး (ခ) မစိုးနှင့် တိုးညွန့်တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထားသည့် SIG SAUER ပစ္စတို ၅ လက်၊ ANSAR ပစ္စတို ၁ လက်၊ BLOW ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမကျည် ၁၀၀ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၂၀၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ သီတာစိုး (ခ) မစိုး၏ ထွက်ဆိုချက်အရ အောင်မြေသာစံမြိုနယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် (၇၀)၊ ၁၂ (ဘီ) လမ်းနှင့် ၈၇ လမ်းထောင့်၌ ကေခိုင် (ခ) ကေကေအား ထပ်မံဖမ်းဆီးရမိခဲ့၍ ဖြစ်စဉ်တွင် တရားခံ ကျား ၁ ဦး၊ မ ၂ ဦးနှင့်အတူ ပစ္စတိုမျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၀၀ တောင့်တို့အား ဖမ်းမိခဲ့သည်။

ဖမ်းမိတရားခံ သီတာစိုး (ခ) မစိုးသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး မန္တလေးမြို့အတွင်း ဆူပူဆန္ဒပြမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည့်အပြင် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လိုင်ဇာသို့ သွားရောက်၍ KIA အဖွဲ့​ထံ၌ အကြမ်းဖက်သင်တန်း ၁ လ တက်ရောက်ခဲ့သည်။

အကြမ်းဖက်သင်တန်းတက်ရောက်စဉ် No-More Dictatorship-NMD အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ မျိုးမင်းရန်နိုင်နှင့် ရင်းနှီးခဲ့ပြီး အဆိုပါအဖွဲ့သို့ ဝင်ရောက်ခဲ့ကာ အကြမ်းဖက် သင်တန်းဆင်းပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ မင်းတဲအီကင်းရပ်ကွက်ရှိ နေအိမ်သို့ ပြန်လည်နေထိုင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကေခိုင် (ခ) ကေကေ၊ တိုးညွန့်တို့နှင့်အတူ NMD အဖွဲ့အတွက် ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နေ ဖမ်းဆီးရန်ကျန် တရားခံတစ်ဦးမှ လက်နက်/ ခဲယမ်းများအား ကားဂီယာဘောက်အဟောင်းများအတွင်း သိုဝှက်ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် ပိုဆောင်ပေးပြီး မန္တလေးသို့ ရောက်ရှိစဉ် သီတာစိုး (ခ) မစိုး၊ ကေခိုင် (ခ) ကေကေနှင့် တိုးညွန့်တိုမှ ကားဂိတ်တွင် သွားရောက်ယူဆောင်ကာ စစ်ကိုင်းမြိုနယ်၊ ၁၄ မိုင် ကျေးရွာအနီး၌ NMD အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံမျိုးမင်းရန်နိုင်ထံသို့ ပို့ဆောင်ပေးရကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လက်နက်/ ခဲယမ်းများအား ၄ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *