၅. ၂. ၂၀၂၄
Written by Phyo Wei
SAC အစိုးရနဲ့ အနီးကပ်ဆက်ဆံရေးတွေရှိတယ်ဆိုပြီး မလိုလားသူတွေက သတင်းထုတ်၊ ဝါဒဖြန့် ဒုက္ခပေးတာကြောင့် မြန်မာလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ တစ်နှစ်ကျော်ဖမ်းဆီးခံခဲ့ရပေမဲ့ အဆုံးသတ်မှာတော့ အပြစ်မရှိတာကြောင့် တရားသေလွှတ်ပေးခဲ့ရတဲ့ဖြစ်စဉ်ဟာ NUG နဲ့ PDF တွေကို ငွေကြေးထောက်ပံ့တဲ့လုပ်ငန်းရှင်တွေအချင်းချင်းကြား ပြိုင်ဘက်ကို ဒုက္ခပေးလိုက်တာမျိုးဖြစ်မလား တွေးစရာ ရက်သတ္တပတ်မှာ ဗဟိုဘဏ်ကလည်း ဒေါ်လာသန်း ၉၀ ကျော်အထိ ဆက်တိုက်ထုတ်ရောင်းပေးနေလို့ တက်ရိပ်ပြ ဒေါ်လာစျေးဟာ ပြန်ကျလာတာကို တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း အမေရိကန်နဲ့ ဩစတြေးလျက မြန်မာကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ထပ်မံပိတ်ဆို့တာ၊ လာမဲ့ဘဏ္ဍာနှစ်မှာ ပြည်တွင်းစားသုံးမှုဖူလုံစေဖို့ ဆန်တန်ချိန် တိုးမြှင့်တင်ပို့တာထက် ဆန်ကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့သွားမယ် ပြောလာတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပြည်သူ့ဘဏ္ဍာ ဘတ်ဂျက်တွေကို ပကာသနနဲ့ ဖော်ရှိုးမလုပ်ဘဲ အကျိုးရှိရာတွေ အသုံးပြုဖို့ မှာကြားတဲ့အကြောင်း၊ အကျင့်ပျက်ခြစားမှုညွှန်းကိန်းမှာ မြန်မာက အဆင့်ဆက်ကျလာပြီး အာဆီယံမှာ အဆင့်အနိမ့်ဆုံးဖြစ်လာတဲ့ အခြေအနေနဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက ကျဆင်းခဲ့တဲ့ မြန်မာ့ကုန်ထုတ်လုပ်မှု အရှိန်က ၂၀၂၄ နှစ်သစ်အထိ ပါလာခဲ့ပြီး မြောက်ပိုင်းဒေသ ပဋိပက္ခတွေက ထောက်ပံ့ရေးကွင်းဆက်တွေအတွက် နောက်ထပ်စိန်ခေါ်မှုဖြစ်ပေါ်နေတယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ် တင်ပြချင်ပါတယ်။
◾ ပကာသနနဲ့ ဖော်ရှိုးမလုပ်ဘဲ အကျိုးရှိတာလုပ်ရမဲ့ ဘတ်ဂျက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အစိုးရအဖွဲ့ပြင်ဆင်ဖွဲစည်းအပြီး ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) မှာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲအသစ်အနေနဲ့ စိတ်ဓာတ်အသစ်၊ ခွန်အားသစ်တွေနဲ့ တာဝန်ထမ်းဆောင်စေလိုပြီး အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတွေမှာ အပြောင်းအလဲအချို့ရှိခဲ့ပေမဲ့ ချမှတ်ထားတဲ့ မူဝါဒတွေ ပြောင်းလဲမှုမရှိဘဲ ဆောင်ရွက်ခဲ့လို့ အခက်အခဲ အကျပ်အတည်းတွေ ကြားမှာပဲ အတိုင်းအတာတစ်ခုအထိ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အရင်ရှိနှင့်ပြီးသား အခြေခံကောင်းတွေကို အသုံးချပြီး လာမယ့်ကာလတွေမှာ မျှော်မှန်းချက်တွေ အခုထက် ပိုပြီးတိုးတက်အောင်မြင်ဖို့ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ ပြောကြားခဲ့တာပါ။ ဒီလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်ဘဏ္ဍာငွေတွေကို အကျိုးရှိစွာ အသုံးချဖို့လိုပြီး ပကာသနတွေနဲ့ For Show တွေကို ဦးစားမပေးဘဲ ထိရောက်အကျိုးရှိတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ကြဖို့လိုသလို အခွန်အကောက်တွေ အပြည့်အဝ ရရှိမှသာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်လို့ သက်ဆိုင်ရာ ဌာနအသီးသီးအနေနဲ့ စနစ်တကျပြည့်ဝစွာ ကောက်ခံရရှိအောင် ဆောင်ရွက်ပေးကြဖို့လိုတယ်လို SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။
SAC ဥက္ကဋ္ဌမှာကြားမှုဟာ အမှန်တကယ်ကောင်းမွန်ပေမဲ့ ဒီနှစ်ပိုင်းတွေမှာ ဘတ်ဂျက်တွေဟာ တကယ်ထိရောက်တဲ့ နေရာတွေမှာ သုံးနေသလားဆိုတာ တွေးဆစရာလည်း ရှိနေပါတယ်။ ဥပမာအားဖြင့် PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေက ဖျက်ဆီးနေလို့ ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၅၅၉ ခု အပါအဝင် ကျန်းမာရေးအဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၆၇၀ လုံးအပါအဝင် လူနေအိမ်တွေ ပျက်စီးခဲ့တယ်ဆိုပေမဲ့ လမ်း၊ တံတားတွေ၊ ရထားလမ်းတွေနဲ့ လျှပ်စစ်တာဝါတိုင်တွေကလွဲရင် ကျန်တာတွေက ပြန်ပြင်ဆင်မှုနည်းနေတာ တွေ့ရသလို လက်နက်ကိုင်တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာနဲ့ တိုက်ပွဲတွေကြောင့် မြို့ ၃၀ ထက်မနည်းကလည်း ဘတ်ဂျက်သုံးစရာမလိုတော့တဲ့အခြေအနေမျိုးဖြစ်လာနေတာပါ။ ဒါပေမဲ့လည်း ဘတ်ဂျတ်လိုငွေတွေကတော့ အရင် NLD အစိုးရလက်ထက်ကလို မြင့်မားလာတဲ့ ပမာဏဖြစ်နေသလို ဘတ်ဂျက်လိုငွေကလည်း သုံးနှစ်အတွင်းမှာ ဘီလျံ ၁၈၀၀၀ လောက်ဖြစ်ခဲ့တာပါ။ ဒါဟာ NLD အစိုးရဟောင်းငါးနှစ်ထက် ဘီလျံ ၅၀၀၀ သာသာပဲ လျော့နေတဲ့ ပမာဏဖြစ်နေတာပါ။ စီမံကိန်းအများအပြားမလုပ်ရ၊ ဘတ်ဂျက်တွေ မသုံးရမြို့တွေ များနေချိန်မှာ လိုငွေက ဘီလျံ ၇၀၀၀ နဲ့ ၈၀၀၀ ကြားနှစ်နှစ်ဆက်နေပြီး ပိုဆိုးတာက အရင်တုန်းကလိုမျိုး မလုပ်နိုင်တဲ့ စီမံကိန်းတွေအတွက် အစိုးရကို ပြန်အပ်ရတဲ့ ပိုလျှံဘတ်ဂျက်တွေကို သက်ဆိုင်ရာဌာနတွေက ပြန်လည်အပ်နှံမှုရှိမရှိဆိုတာကိုပါ ပြည်သူက မသိရတော့တာပါ။ ဥပမာအားဖြင့် NLD အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပိုလျှံလို့ ပြန်လည်အပ်နှံငွေ ကျပ် ၁၇၂၁ ဒသမ ၄၅၉ ဘီလျံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြန်အပ်ငွေ ကျပ် ၂၅၁၄ ဒသမ ၂၈၈ ဘီလျံနဲ့ ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ထောင်စု ရသုံးခန့်မှန်းခြေငွေစာရင်းပါ သုံးငွေတွေကို အပြည့်အဝ သုံးစွဲနိုင်မှုမရှိတာကြောင့် ပြန်လည်အပ်နှံငွေ ကျပ် ၁၂၃၁ ဒသမ ၂၀၇ ဘီလျံ စတာတွေကို လွှတ်တော်ဆွေးနွေးချက်တွေအရ ကြားသိခဲ့ရပေမဲ့လည်း လက်ရှိမှာတော့ ပိုလျှံဘတ်ဂျက် ပြန်အပ်မအပ် စာရင်းတွေ တက်လာတာ မတွေ့ရတော့ပါဘူး။ စီမံကိန်းတစ်ခုဟာ သိန်းထောင်ချီသုံးရတာဖြစ်လို့ ဒီလိုမျိုး မလုပ်နိုင်တဲ့ စီမံကိန်းတွေက အစိုးရဆီလည်း ပြန်မအပ်၊ ဝန်ကြီးဌာနကလည်း စာရင်းမထုတ်ပြန်ဘူးဆိုရင် ဒီပိုလျှံဘတ်ဂျက်တွေကို ဘယ်လိုစီမံခန့်ခွဲနေသလဲ။ ဘယ်သူတွေက စီမံကိန်းမလုပ်နိုင်တဲ့ ငွေတွေ ဘယ်လိုနေရာမှာ သုံးထားလဲ၊ ဒါမှမဟုတ် စီမံကိန်းတွေလည်း မလုပ်ဘဲ ဘတ်ဂျက်လည်း မပိုဘူးဆိုရင်တော့ ဘာတွေလွဲနေလည်းဆိုတာကို တာဝန်ရှိသူတွေက စိစစ်ဖို့ လိုအပ်ပါလိမ့်မယ်။
◾ အကျင့်ပျက်ခြစားမှုအဆိုးဆုံး မြန်မာ
အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့ Transparency International က ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာတဝှမ်းကနိုင်ငံတွေရဲ့ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းအဆင့်သတ်မှတ်ချက်(CPI)ကို ဇန်နဝါရီ ၃၀ က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကတော့ ၂၀၂၂ ခုနှစ်က အညွှန်းကိန်းအဆင့် သတ်မှတ်ချက် ၁၅၇ ကနေ ၅ ဆင့်ပြုတ်ကျပြီး အညွှန်းကိန်းအဆင့်သတ်မှတ်ချက် အဆင့် ၁၆၂ မှာပဲ ရပ်တည်နိုင်ခဲ့ပြီး အာဆီယံဒေသတွင်းမှာ အကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်လာခဲ့ပါတယ်။
Transparency International အဖွဲ့ဟာ ကမ္ဘာတဝှမ်းက နိုင်ငံ၊ ဒေသပေါင်း ၁၈၀ ကို စောင့်ကြည့်လေ့လာပြီး ၂၀၂၃ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှုအညွှန်းကိန်းအဆင့်သတ်မှတ်ချက် ထုတ်ပြန်ခဲ့ရာမှာ မနှစ်က ပထမနေရာ ရှိနေခဲ့တဲ့ ဒိန်းမတ်ကပဲ ဒီနှစ်မှာလည်း ကမ္ဘာ့နိုင်ငံတွေထဲ အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံအဖြစ် ထပ်မံ သတ်မှတ်ခံရပြီး အမှတ်ပေါင်း ၁၀၀ မှာ ရမှတ် ၉၀ ရရှိခဲ့ပေမဲ့ မြန်မာနိုင်ငံကတော့ အာဏာထိန်းသိမ်းမှုမဖြစ်ပွားခင် ၂၀၂၀ က ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၁၃၇ မှာ ရပ်တည်နေခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အဆင့်တွေ ဆက်တိုက်ဆိုသလို ကျဆင်းလို့ ၂၀၂၁ မှာ ၂၈ မှတ်၊ ၂၀၂၂ မှာ ၂၃ မှတ်နဲ့ အခုနှစ်မှာတော့ ၃ မှတ်ထပ်မံလျော့နည်းခဲ့ပြီး အမှတ် ၂၀ ပဲ ရတဲ့အထိ ဆိုးရွားခဲ့တာပါ။
ဒါပေမဲ့လည်း လက်ရှိအစိုးရလက်ထက်မှာ NLD အစိုးရဟောင်းလက်ထက်က အစိုးရအဖွဲ့ဝင်များစွာ၊ နစကလက်ထက်မှာလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် ပြည်ထောင်စုဝန်ကြီးတွေကို အရေးယူနေတဲ့ကြားက၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း ကျပ်ဘီလျံ ၂၆၀ ခန့်နဲ့ အမေရိကန်ဒေါ်လာ ၁၃၃ သိန်းကျော် နစ်နာအောင် လာဘ်စားခဲ့သူတွေကို ထိရောက်စွာအရေးယူခဲ့တဲ့ကြားက အကျင့်ပျက်ခြစားမှုအဆိုးဆုံးဖြစ်လာတာက Transparency International အဖွဲ့ လိုလားတဲ့အစိုးရမျိုးဖြစ်မနေတာအပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပြောခဲ့သလို တရားမဝင်ကုန်သွယ်မှုကဏ္ဍမှာ ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတာမျိုးတွေကလည်း ပါဝင်နေနိုင်သလို လူထုကြားမှာဝေဖန်ခံနေရတဲ့ အဂတိလိုက်စားမှုဆိုင်ရာ လာဘ်ပေးလာဘ်ယူမှုဖြစ်စဉ်တွေကိုလည်း စိစစ်ဖော်ထုတ်နိုင်ဖို့ လိုမှာပါ။
◾ ဒီနှစ်အထိ ဆက်ပါလာတဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်း
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက ကျဆင်းခဲ့တဲ့ မြန်မာ့ကုန်ထုတ်လုပ်မှုအရှိန်ဟာ ၂၀၂၄ နှစ်သစ်အထိ ပါလာခဲ့တဲ့အပြင် နိုင်ငံရဲ့မြောက်ပိုင်းဒေသ လက်နက်ကိုင်ပဋိပက္ခတွေက ကုန်ပစ္စည်း ထောက်ပံ့ရေး ကွင်းဆက်တွေအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခု ထပ်ဖြစ်လာခဲ့တယ်လို ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်တဲ့S&P Global ရဲ့ မြန်မာ့ထုတ်လုပ်မှု PMI စစ်တမ်းမှာ ဖော်ပြခဲ့တာပါ။ အခု ၂၀၂၄ နှစ်သစ်အစ ဇန်နဝါရီမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာတာကို ပြည်တွင်း လုပ်ငန်းတွေက လုပ်သားအရေအတွက်နဲ့ ကုန်ပစ္စည်းဝယ်ယူတာတွေကို လျှော့ချလာကာ လျော့နည်းလာတဲ့ လိုအပ်ချက်တွေနဲ့အညီ ဖြစ်စေဖို့ သူတိုရဲ့ လုပ်ဆောင်မှုကို ချိန်ညှိခဲ့ကြရတဲ့အပြင် ဒီကာလအတွင်း နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေက ထောက်ပံ့ရေးကွင်းဆက်တွေအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခု ထပ်ဖြစ်လာခဲ့တာကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်းနောက်မှာလည်း အရင်ကတည်းက ကြီးမြင့်နေတဲ့ ကုန်စျေးနှုန်းအပေါ် ထပ်ဆင့်စျေးတက်တာတွေ ဖြစ်ပေါ်လာနေတာ တွေ့နေရပြန်ပါတယ်။
ဒီနေရာမှာ SAC ဥက္ကဋ္ဌကလည်း ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစလို့ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့သလို SAC အစိုးရ စတင်တာဝန်ယူတဲ့ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းနေပေမဲ့လည်း နိုင်ငံ့စီးပွားရေးကို ဦးစားပေး ဆောင်ရွက်ခဲ့တာကြောင့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်နေတဲ့ကြားမှာပဲ နိုင်ငံ့စီးပွားရေးကို ၂ ဒသမ ၄ ရာခိုင်နှုန်းဆီ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သလို အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလအထိ နိုင်ငံ့စီးပွားရေး ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ကချင်၊ ကယားနဲ့ ရခိုင်ပြည်နယ်တွေကလွဲရင် ကျန်ရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး အပေါင်းလက္ခဏာပြခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။ ဒီလို စီးပွားရေးတိုးတက်နေပေမဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေရှိနေပြီး အဓိကအနေနဲ့ ထုတ်လုပ်မှုနဲ့ လိုအပ်မှု ကွာဟချက်တွေရှိနေတာ၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားနေတာ စတဲ့ အချက်တွေကြောင့်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု တန်ဖိုးမြင့်တက်လာရင် ထုတ်ကုန်တွေရဲ့ တန်ဖိုးကလည်း မြင့်တက်လာမှာဖြစ်တယ်လို SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။ အလားတူပဲ ပြည်တွင်းမှာ နိုင်ငံခြားငွေနဲ့ ရောင်းချတာ၊ ဝယ်ယူတာတွေကို ဆောင်ရွက်ရာမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ မညီစွာ ဆောင်ရွက်နေတာကို တွေ့ရတာ၊ Non Trade Income တွေ အနေနဲ့လည်း သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွှတ်မှုမရှိစွာ ဆောင်ရွက်နေတာကိုလည်း တွေ့ရတာကြောင့် နိုင်ငံခြားငွေရရှိမှုတွေ နည်းပါးလာလို့ ငွေလဲလှယ်နှုန်းထားတွေ မြင့်တက်လာပြီး နိုင်ငံခြားက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေရဲ့ သွင်းအားစုတန်ဖိုး မြင့်တက်လာတာကြောင့် ကုန်ပစ္စည်းတွေ ဈေးနှုန်းတွေ ကြီးမြင့်လာတာဖြစ်တယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအရ ဆူပူအကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့မှုတွေနဲ့ နိုင်ငံတကာရဲ့ အပြုသဘော မဆောင်တဲ့ တုံ့ပြန်မှုတွေ မရှိခဲ့ရင် အခုထက် များစွာတိုးတက်မှာဖြစ်တယ်လို့လည်း SAC SAC ဥက္ကဋ္ဌက ပြောပါတယ်။ အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ ကုန်ကြမ်း၊ ကုန်ချော ပို့ကုန်သွင်းကုန်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နယ်စပ်စခန်းအားလုံးလိုလိုက ကုန်သွယ်မှုတွေကလည်း ပြတ်တောက်ရပ်တန့်နေတာကြောင့် ဒီလိုမျိုး ဘက်စုံဖိစီးမှုဒဏ်ကို လုပ်ငန်းတွေပြီးရင် နောက်ဆုံးမှာတော့ စားသုံးသူပြည်သူကပဲ ထိခိုက်ပြီးရင်း ထိခိုက်နေတာကို မြင်ရမှာပါလို့ ပြောရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။