October 21, 2024

၅. ၂. ၂၀၂၄

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်အစောပိုင်းက လောင်ကျွမ်းခဲ့သည့် လူသုံးဦး မီးလောင်သေဆုံးခဲ့သော မီးလောင်မှုမှာ Safeguard အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

​ဖြစ်စဥ်တွင် မီးလောင်ကျွမ်းမှုမှာ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ (ပ)ဝင်းရှိ ရန်ကုန်-မော်လမြိုင်-မုဒုံပြေးဆွဲသော ရွှေလင်းယုန်ကားဂိတ် လက်မှတ်အရောင်းဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ရွှေလင်းယုန်ကားဂိတ်တွင် ညအိပ်စောင့်သူ ကိုမျိုးသူရကျော်(၂၀ နှစ်)၊ ကိုမျိုးမောင်မောင်(၂၀ နှစ်)၊ ကိုဟန်ကြီး (၃၅ နှစ်)တို့ မီးလောင်သေဆုံးခဲ့သည်။

ထို့အပြင် အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ အုတ်ညှပ်ပျဉ်ခင်း ၂ ထပ်အဆောက်အဦ အပေါ်ထပ် ၅ ခန်းနှင့် အတွင်းပစ္စည်းများ၊ အလျား ၁၀ ပေ၊ အနံ ပေ ၄၀ ရှိသွပ်မိုး၊ အုတ်ညှပ်ပျဉ်ခင်း ၂ ထပ်၊ အဆောက်အဦ ၂ ခန်းနှင့်အတွင်းပစ္စည်းများလည်း မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ဆုံးရှုံးခဲ့သော အဆောက်အဦများတွင် ရွှေလင်းယုန်၊ ရာဇာမင်း၊ ရွှေယုန်လေး၊ အောင်ကျော်ဇောအပါအဝင်အခြားကားဂိတ်များလည်း ပါဝင်သည်။

မီးလောင်မှုမှာ ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁၃ စီး၊ ရေသယ်ယာဥ် ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရသည်။ လက်ရှိတွင် အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ အရေးယူရမည့်သူအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *