၃.၂ . ၂၀၂၄
Written by Nay Aung
တရုတ်၊ ဟောင်ကောင်ကနေပြီး ဗြိတိန်နိုင်ငံကိုပြောင်းရွှေ့နေထိုင်နေတဲ့ ဆိုင်းရပ်စ်လောင်ဟာ လက်ရှိအချိန်မှာ အသက် ၁၂ နှစ်အရွယ်သာရှိသေးပေမယ့် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့နဲ့ ဉာဏ်ရည်တူသူအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။
လက်ရှိအချိန်မှာ အသက် ၁၂ နှစ်အရွယ်သာရှိသေးတဲ့ ဆိုင်းရပ်စ်လောင်ဟာ ကမ္ဘာ့ဉာဏ်ရည်အလွန်မြင့်မားသူများအဖွဲ့ (The Mensa Society) ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် လက်ရှိမှာ ဖြစ်လာခဲ့ပါတယ်။ ဟောင်ကောင်မှာ မွေးဖွားခဲ့ပြီး မိသားစုနဲ့အတူ ဗြိတိန်ကို ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ဆိုင်းရပ်စ်လောင်ကို ဉာဏ်ရည်အရည်သွေးကို စမ်းသပ်စစ်ဆေးရာမှာ IQ score ၁၆၀ မှတ် ရရှိခဲ့ပြီး အများဆုံးရမှတ်ပြည့်ဖို့ ၂ မှတ်သာလိုခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်းရပ်စ်လောင်ရဲ့ဖခင် ဖရန့်က “ဆိုင်းရပ်စ်လောင်ဟာ ဉာဏ်ရည်စစ်ဆေးပွဲလာချိန်မှာ နာရီမေ့ကျန်ခဲ့လို့ ဖြေဆိုချိန် ဘယ်လောက်ကျန်လဲဆိုတာ မကြည့်နိုင်တာကြောင့် စိုးရိမ်ပူပန်ခဲ့ရပါသေးတယ်။ အချိန်ကြည့်မရလို့ သူ တော်တော်စိုးရိမ်နေတာ။ သူက အမှတ် ဒီလောက်များများရမယ်လို့ ထင်မထားလို့ ရလဒ်ထွက်လာချိန်မှာ စိတ်တွေ အရမ်းလှုပ်ရှားနေတာ။ ဒါက သူ့အတွက် တစ်လျှောက်လုံး အမှတ်ရစရာတစ်ခု ဖြစ်နေတော့မှာ သေချာပါတယ်”လို့ ပြောပါတယ်။
The Mensa Society အဖွဲ့ကို ၁၉၄၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဉာဏ်ရည်မြင့်မားသူတွေရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်အောင် ကူညီပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဉာဏ်ရည်အမြင့်မားဆုံးလူကြီးနဲ့ ကလေးငယ် ၂ ရာခိုင်နှုန်းကိုသာ အဖွဲ့ဝင်အဖြစ် လက်ခံတာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှာ သူတို့ရဲ့အဖွဲ့ခွဲတွေရှိပေမယ့် ဂျာမနီ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေမှာရှိတဲ့ အဖွဲ့ခွဲတွေကတော့ အကြီးဆုံးအဖွဲ့အစည်းတွေဖြစ်ပါတယ်။
ဆိုင်းရပ်စ်လောင်ဟာ စန္ဒယားတီးရတာဝါသနာပါသလို သင်္ချာနဲ့ သိပ္ပံ ဘာသာရပ်တွေကိုလည်းစိတ်ဝင်စားသူဖြစ်ပါတယ်။
“Mensa အဖွဲ့ထဲမှာ အခြားကလေးငယ်တွေ ရှိနေတယ်ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတယ်။ အခြားကလေးငယ်တွေရှိနေခြင်းဟာ သားအတွက် ကောင်းမွန်မှုရှိပါတယ်။ သူဟာ သူ့ရဲ့အကျိုးစီးပွားကို ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းရှိမှာပါ” လို့ သူ့ဖခင်က ပြောပါတယ်။
ကမ္ဘာ့ဉာဏ်ရည်အလွန်မြင့်မားသူများအဖွဲ့ Mensa ဟာ ကမ္ဘာတဝှမ်းက အရွယ်ရောက်ပြီးသူတွေနဲ့ ကလေးငယ်တွေထဲကမှ ဉာဏ်ရည်အမြင့်ဆုံးလူသား ဆိုင်းရပ်စ်လောင်ကို ၉၈ ဦးမြောက်အဖြစ် လက်ခံကြိုဆိုခဲ့တယ်လို့လည်း သိရပါတယ်။
Ref Goodnewsnetwork