၄.၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ ယင်းတိုက်ပင်ကျေးရွာအုပ်စု၊ ကင်မလင်းချောင်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၃ ရက် ည ၇ နာရီခွဲခန့်က ဘုရားမီးပူဇော်သည့်ဖယောင်းတိုင် လဲကျရာမှ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အလျား ၁၅ ပေ၊ အနံ ပေ ၃၀ ရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ်တွင် ဘုရားမီးပူဇော်သည့် ဖယောင်း တိုင်လဲကျရာမှ အောက်ရှိ သစ်သားပြားပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၊ တပ်မတော်သား ၂၀ ဦးတို့နှင့် ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၃ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍အိမ်ငှားနေထိုင်သော အသက်၂၀ အရွယ် အမျိုးသမီးကို မှော်ဘီမြို့မရဲစခန်းက ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီကျော်က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ၈၉ ရပ်ကွက်၊ ဦးထွန်းညိုလမ်းရှိ ကျုးကျော်တဲတွင် လူမရှိဘဲ ဂတ်စ်မီးဖိုဖြင့် ရေနွေးအိုးတည်ရာမှ မီးလောင်ကျွမ်းခဲ့ရာ ကျုးကျော်တဲ ၄ လုံး မီးလောင်ဆုံးရှူံးခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ရန်ကုန်-အင်းစိန်လမ်းရှိ ကားဝပ်ရှော့တွင် 15 KVA မီးစက်ဖြင့် ရေမော်တာမောင်းစဥ် မိန်းခလုတ် လျှပ်စစ်ဝါယာကြိုးမှ Over Load ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ ကားဝပ်ရှော့နှင့် မော်တော်ယာဥ်တစ်စီးပါ မီးလောင်ဆုံးရှုံးခဲ့သည်။