၄. ၂. ၂၀၂၄
Written by Nyein Kyaw
မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက်တပ်ဖွဲ့သည် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်ရင်း ယနေ့တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီအမြောက်တပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ကျရောက်သည့် (၇၅) နှစ်မြောက်စိန်ရတု အမြောက်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားသည်။
အမြောက်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ခေတ်မီအမြောက်လက်နက်များ၊ ခဲယမ်းများနှင့်အမြောက် တပ်ဖွဲ့သုံးကိရိယာများကို တပ်ဆင်ပေးနေသကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရေးအတွက် ပြည်ပနိုင်ငံများကို ပညာတော်သင်များ စေလွှတ်ခြင်းတို့လည်း ဆောင်ရွက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်ပမှ လေ့လာသင်ယူခဲ့သည့် ပညာရပ်များကို မိမိတို့၌ ရှိပြီးသား အမြောက်ပညာရပ်များနှင့် ပေါင်းစပ်ကာ အမြောက်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များကို ပိုမိုသိရှိနားလည်အောင် သင်တန်းများဖွင့်လှစ်ပြီး ပြန်လည်သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အမြောက်တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက အမိန့်နာခံပြီး စစ်စည်းကမ်း ကောင်းမွန်သည့် အစဉ် အလာကောင်းများ ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး ပေးအပ်သည့် အမိန့်အတိုင်း ၃ ရက်အတွင်း ဖွဲ့စည်းပြင်ဆင်ကာ သမိုင်းဝင်အင်းစိန်တိုက်ပွဲ၌ ထူးချွန်ပြောင်မြောက်စွာ ပစ်ကူပေး တိုက်ပွဲဝင်နိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်း အမြောက်တပ်ဖွဲ့အစပြုရာ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကစပြီး ယနေ့ မျက်မှောက်ကာလ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးတိုက်ပွဲများအထိ “လိုအပ်သည့်အချိန် လိုအပ်သည့်နေရာသို့ လိုအပ်သော ကျည်အရေအတွက် ကျရောက်ပေါက်ကွဲစေရမည်” ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာ ပစ်ခတ်တိုက်ပွဲဝင်နိုင်ခဲ့ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဂုဏ်ယူကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံက အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းရာတွင်လည်း အမြောက်တပ်ဖွဲ့များ၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရခြင်းကြောင့် အမြောက်တပ်ဖွဲ့၏ တိုက်ပွဲဝင် အသင့်ရှိနေမှုအပေါ် ဂုဏ်ယူအသိအမှတ်ပြုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။