၃.၂.၂၀၂၄
Written by Hey Mar
လူငယ်ချင်း စကားများရန်ဖြစ်ရာက စကေဘာနဲ့ထိုးတဲ့ ဖြစ်စဥ် ဒီနေ့ နေ့လည် ၂ နာရီဝန်းကျင်က ပုဇွန်တောင်စျေးမှာ ဖြစ်ပွားခဲ့တယ်လို့ စေတနာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
အထိုးခံလိုက်ရတဲ့ လူနာက အသက် ၂၇ အရွယ် လူငယ်ဖြစ်ပြီး ပခုံးရိုးအောက်ဘက်နဲ့ ကျောကုန်းမှာ အထိုးခံရတာဖြစ်ကာ ဖြစ်ဖြစ်ချင်းမှာ သွေးပူနေတဲ့အတွက် သူအထိုးခံလိုက်ရတာကို သတိမထားမိဘဲ သူ့အမျိုးသမီးစျေးရောင်းတဲ့ ပုဇွန်တောင်စျေးထဲ လာအိပ်နေတာလို့ သိရပါတယ်။
ဘေးပတ်ဝန်းကျင်က သွေးတွေ အိုင်ထွက်နေတာကို မြင်တွေ့ပြီး လူမှုကူညီရေးအသင်းတွေဆီ အကြောင်းကြားတာကြောင့် စေတနာလူမှုကူညီရေးအသင်းက သွားရောက်ကူညီခဲ့တာလို့ သိရပါတယ်။
စေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူက”ထိုးခံရတာကတော့ ရွှေကျင်ကျောင်းတိုက်နားမှာလို့ ပြောတာပဲ။ သူအထိုးခံရပြီး စျေးထဲမှာလာအိပ်နေတာ။ မြေပြင်ကုသမှုပေးပြီး ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ အခြေအနေကောင်းပါတယ်”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။