MT News
Written by Nay Moe
မြောက်ဥက္ကလာပနှင့် မြောက်ဒဂုံမြို့နယ်တို့အား အခြေပြုကာ လှုပ်ရှားနေပြီး ရာအိမ်မှူးသုံးဦးကို သတ်ဖြတ်ကာ ဖောက်ခွဲမှုလေးကြိမ်ပြုလုပ်ထားသည့် ACPLF (Anti-Coup Pepole’s Liberation Force)နှင့် AFF(Anonymous Fighter Force) အဖွဲ့ဝင် လူငယ် ၉ ဦးအား ကမ္ဘောဇဘဏ်ကို ဓားပြတိုက်ရန်ကြံစည်စဥ် ဖမ်းမိခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ကနဦးတွင် ACPLF အဖွဲ့မှ ဝေယံကောင်းထက်(ခ)Lu Aye အား မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက်ကွေ့(၆)လမ်း၌ ဖမ်းဆီးရမိခဲ့သည်။ ဝေယံကောင်းထက် ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့် ၃၈၀ ကျည် ၁၃ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ACPLF အဖွဲ့ဝင်များဖြစ်သည့် ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊ နိုင်လင်းဇော်(ခ) သော်ထွန်းအောင်နှင့် ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွားတို့အား အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။ ဝေယံကောင်းထက် ACPLF နှင့် Anonymous Fighter Force – AFF အဖွဲ့တို့ ပူးပေါင်း၍ သာကေတမြို့နယ်၊ မြင်တော်သာလမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်လုယက်မှုများ ကျူးလွန်ရန်စီစဉ်ထားရှိကြောင်း ဖော်ထုတ်သိရှိရပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် AFF အဖွဲ့ဝင် သက်ဇော်အောင်(ခ) အောင်လေးအား မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပန်းခြံအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ သက်ဇော်အောင်ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်လုယက်မှုများကျူးလွန်ရန်အတွက် ၎င်းတို့၏အဖွဲ့ဝင်များသည် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားအနီး လူကူးကုန်းကျော်တံတားပေါ်၌ စုဝေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးစဉ် တရားခံများမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များအား လုယူထွက်ပြေးရန် ကြိုးပမ်းခဲ့သောကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊ မျိုးမင်းဟိန်း(ခ)မဲကြီး၊ အာကာမင်းသိန်းတို့ ၃ ဦးအား လက်လုပ်မိုင်း ၂ လုံးဖြင့်လည်းကောင်း၊ ညီမင်းထွန်းအား လက်နက်ငယ်ကျည်ထိ မှန်ဒဏ်ရာဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယင်းတို့သည် KNLA တပ်မဟာ(၆) နှင့် တပ်မဟာ(၃) လှုပ်ရှားနယ်မြေ၌ ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ကာ ACPLF အဖွဲ့အား အဖွဲ့ဝင် ၁၈ ဦး၊ AFF အဖွဲ့အား အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းကာ ဇန်နဝါရီ၂၈ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်အနီး၌ ရာအိမ်မှူးဦးဆန်းမင်းထွန်းအား အာကာမင်းသိန်းနှင့် ဖမ်းဆီးရန်ကျန်တရားခံ ကတုံးတို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး သက်ဇော်အောင် (ခ)အောင်လေးမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း၊ စက်တင်ဘာ၂၉ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၂)ရပ်ကွက်၊ ပြည်သာယာ(၃)လမ်းနှင့် လက်ဝဲသုန္ဒရလမ်းထောင့်၌ ရာအိမ်မှူးဦးအောင်အောင်အား သက်ဇော်အောင်(ခ)အောင်လေးမှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အာကာမင်းသိန်းမှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း၊ အောက်တိုဘာ ၂၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သဇင်လမ်းနှင့် ဇကားဝါလမ်းထောင့်၌ ရာအိမ်မှူးဦးစိုးစိုးအား ဝေယံကောင်းထက်(ခ)Lu Aye မှ ပစ္စတိုဖြင့် အကြောင်းမဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖြိုးသွေးအောင်(ခ)နိုင်ဝင်းနှင့် နိုင်လင်းဇော်(ခ)သော်ထွန်းအောင်တို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထို့အပြင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်တွင် ဩဂုတ် ၁၅ ရက်က ဗုံးခွဲခြင်း၊ အောက်တိုဘာ ၁၆ ရက်တွင် ကန်သာယာလမ်းဆုံ၌ ဗုံးခွဲခြင်း၊ အောက်တိုဘာ ၁၈ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ဗုံးခွဲခြင်းနှင့် နိုဝင်ဘာ ၂၂ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ဈေး၌ လက်လုပ်မိုင်းခွဲခြင်းများ လုပ်ဆောင်ခဲ့သည်။ ထို့နောက် သာကေတမြို့နယ်၊ မြင်တော်သာလမ်းနှင့် ဇင်္ဂမလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲအား ဓားပြတိုက်လုယက်ရန် ကြံစည်နေစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုများ ပြုလုပ်ရန် ခိုင်းစေသူ ဖမ်းဆီးရန်ကျန်ရှိနေသူများကို ဆက်လက်ဖမ်းဆီးရန်နှင့် ထိရောက်စွာအရေးယူရန် ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။