◾မုဒိမ်းတရားခံ PDF တစ်ယောက်က မူးယစ်ဆေးပါသုံးနေလို့ ထောင် ၂ နှစ် သီးခြားအပြစ်ပေး
၃. ၁. ၂၀၂၄
Written by Nay Moe
ကော်သူးလေတပ်မတော်၊ ကွန်မန်ဒိုတပ်ရင်းမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး အထူးစစ်ခုံရုံး ဖွဲ့စည်းကာ တိုင်ကြားသူ၊ စွပ်စွဲခံရသူနဲ့ အသိသက်သေတွေကို ၂၀၂၃ ဒီဇင်ဘာလ၊ ၁၆ ရက်က စတင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ ပြစ်မှုကျုးလွန်တဲ့ မုဒိမ်းမှုတရားခံ (၁) ဟာ မုဒိမ်းမှုကျူးလွန်တာ ထင်ရှားတဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ (၃၇၆)အရ အလုပ်နဲ့ ထောင်ဒဏ် (၁၀) နှစ်ကျခံစေဖို့ အမိန့် ချမှတ်ခဲ့သလို တရားခံ (၂) ဟာလည်း မုဒိမ်းမှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ (၃၇၆) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်အပြင်၊ မူးယစ်ဆေးဝါး သုံးစွဲမှုပြစ်ဒဏ်အတွက် ကော်သူးလေတပ်မတော် အက်ဥပဒေပုဒ်မ (၄၇) (က) အရ အလုပ်နဲ့ထောင်ဒဏ် (၂) နှစ်ကို သီးခြားစီကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ကော်သူးလေတပ်မတော် အထူးစစ်ခုံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သံလွင်ခက်မီဒီယာကတော့ ကော်သူးလေတပ်မတော် အထူးကွန်မန်ဒိုတပ်ရင်းက တပ်ဖွဲ့ဝင်နှစ်ယောက်ဟာ အခြားတပ်ဖွဲ့ဝင်ရဲ့ဇနီးကို ခင်ပွန်းမရှိချိန် မုဒိမ်းကျင့်ခဲ့တာဖြစ်ပြီး ဒီလိုမုဒိမ်းကျင့်တာပေါ်ပေါက်တဲ့အတွက် အပြစ်ပေးခဲ့တာလို့ အထူးစစ်ခုံရုံးအမှုစစ်အရာရှိစောခွန်သော်ကပြောတာကို ကိုးကားဖော်ပြခဲ့ပါတယ်။
ဘိုမြရဲ့သား စောနယ်ဒါးမြရဲ့ကော်သူးလေအာမီ(KTLA) လက်အောက်ခံ ဗိုလ်စလုံး ဦးဆောင်တဲ့ ဆင်ဖြူစစ်ကြောင်းရဲ့ မုဒိန်းမှုနဲ့ ပတ်သက်ပြီး ဖော်ထုတ်ခဲ့တဲ့ မေမြတ်နိုးဆိုသူ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ ပုံတွေ၊ ရုပ်သံတွေ၊ လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲက ပျံ့နှံ့ခဲ့ပါတယ်။
PDF တစ်ဦးဖြစ်တဲ့ အားမာန်ဆိုသူအကောင့်ပိုင်ရှင်သုံးစွဲနေတဲ့ Facebook မှာ မေမြတ်နိုးဆိုသူ PDF အမျိုးသမီးက စလုံးရဲ့ ဆင်ဖြူစစ်ကြောင်းမှာဖြစ်နေတဲ့ မုဒိမ်းမှုကို စလုံးရဲ့ ဇနီးဖြစ်သူနဲ့ ငြင်းခုန်နေတာလည်း ရုပ်သံမှာတွေ့ရပြီး စလုံးရဲ့မိန်းမကလည်း မေမြတ်နိုးဆိုသူအမျိုးသမီးကို မုဒိမ်းမှုအကြောင်းပြောလို့ သတ်ဖြတ်မယ်ခြိမ်းခြောက်နေတာကို တွေ့မြင်ရပါတယ်။
ဒီဖြစ်စဥ်မှာဆို ဒီဇင်ဘာ ၁၆ ရက်မှာ ကရင်ပြည်နယ် တပ်မဟာ ၇ နယ်မြေက လှိုင်းဘွဲ့မြို့ အမှတ်(က) ရပ်ကွက် ပိုင်ကျုံလမ်းမှာ လုပ်ကြံခံရသူ မမေမြတ်နိုး နေထိုင်ရာနေအိမ်ကို KTLA ဆက်နွှယ် အဖွဲ့အစည်းတစ်ခုက Vigo ကား ၇ စီးနဲ့ ရောက်ရှိလာပြီး ည ၁၁ နာရီဝန်းကျင်မှာ မမေမြတ်နိုး တယောက် လုပ်ကြံခံလိုက်ရတာ၊ မမေမြတ်နိုးကို မလုပ်ကြံခင် နည်းမျိုးစုံနဲ့ နှိပ်စက်ပြီးမှ လုပ်ကြံခဲ့တာနဲ့ လှိုင်းဘွဲ့မြို့ အမှတ် (က) ရပ်ကွက် ပိုင်ကျုံလမ်းဟာ တပ်မဟာ ၇ KNU နယ်မြေ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက အမှုမှန်ဖော်ထုတ်ပေးဖို့တောင်းဆိုတာလည်း တွေ့ရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကော်သူးလေအာမီရော၊ ဆင်ဖြူစစ်ကြောင်းကပါ တစ်စုံတစ်ရာငြင်းဆန်တာ၊ ထုတ်ပြန်တာမရှိသလို ဆင်ဖြူစစ်ကြောင်းက PDF အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရတာနဲ့ပတ်သက်ပြီးလည်း ဖြေရှင်းလာတာ မရှိသေးသလို အခုအပြစ်ဒဏ်ပေးခံရတဲ့ မုဒိမ်းတရားခံ နှစ်ဦးဟာ ဆင်ဖြူစစ်ကြောင်းက မမေမြတ်နိုးဖော်ထုတ်ခဲ့တဲ့မုဒိမ်းမှုလားဆိုတာကိုလည်း ကော်သူးလေတပ်မတော်က အသေးစိတ်မဖော်ပြခဲ့ဘဲ ဖုံးကွယ်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
◾MT News သတင်းဌာနက ဖော်ပြခဲ့သည့် ဆင်ဖြူစစ်ကြောင်း၏ မုဒိမ်းမှုဖော်ထုတ်သော မမေမြတ်နိုးအသတ်ခံရသည့် ရုပ်သံဖိုင်ကြည့်ရှုရန်