October 19, 2024

၃. ၂. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာက ခွင့်ပြုထားသည့် သက်တမ်းကာလထက်ကျော်လွန်နေထိုင်ရန်အတွက် ၎င်းကိုယ်၎င်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတစ်ဦးသဖွယ် အထောက်အထား စာတမ်းအတုများဖြင့်နေထိုင်၍ အလုပ်လုပ်ကိုင်နေသော အိန္ဒိယနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဆူရတ်ဌာနီပြည်နယ်၏ လူဝင်မှုကြီးကြပ်ရေးရုံးခန်းတွင် ရဲမှူးကြီး နာရူးဝပ် ဖူသာဝီရိုက ကော့စမွီကျွန်း၊ ကော့ပငန်းနှင့် ကော့တောင်ကျွန်း စသည့်ကမ္ဘာလှည့်ခရီးသွားများ အများအပြားလာရောက်ရာကျွန်းများတွင် ဤကဲ့သို့ နိုင်ငံခြားသားများ ရက်လွန်နေထိုင်ခြင်းရှိမရှိ စစ်ဆေးမှုပြုရန် အမိန့်ထုတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၃ ရက်တွင် ပြောကြားခဲ့သည်။

ပြည်နယ်၏ လူဝင်မှုကြီးကြပ်ရေးဌာနက ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံသားများသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကဲ့သို့ စာရွက်စာတမ်းအထောက်အထားအတုများဖြင့် ရက်လွန်နေထိုင်နေကြကြောင်း ပြောခဲ့ပြီးနောက် ထိုသို့ စုံစမ်းစစ်ဆေးရန်အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အိမ်နီးချင်းသုံးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက်၂၀၂၃ ခုနှစ်တွင် ထိုင်းအစိုးရမှ စည်းမျဉ်းများဖြေလျှော့ပေးခဲ့မှုအပေါ် အမြတ်ထုတ်ကာ ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်းထက် ကျော်လွန်နေထိုင် အလုပ်လုပ်နိုင်ရန်ကြိုးစားလာခဲ့ကြခြင်းလည်းဖြစ်သည်။ အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ထိုသုံးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့အား ခွင့်ပြုနေထိုင်မှုကာလကို သက်တမ်းတိုးကာ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ပြုထားသည်။

ယခုအမှုတွင်လည်း ဖေဖော်ဝါရီ ၂ ရက်၌ အသက် ၃၆ နှစ်ရှိ ဂျေကာမာဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားဟုဆိုသူက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် ထိုင်းအစိုးရအဖွဲ့ ဆုံး ဖြတ်ချက်အရ ထိုင်းနိုင်ငံအတွင်း ၎င်းအားခွင့်ပြုနေထိုင်မှုကာလသက်တမ်းတိုးရန် ဆူရတ်ဌာနီပြည်နယ်၊ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ လာရောက်လျှောက်ထားခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဇီဝအတိုင်းအတာများအားစစ်ဆေးတွေ့ရှိချက်များအရ အဆိုပါလူ၏ လက်ဗွေရာများက ထိုင်းနိုင်ငံအတွင်းသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ရောက်ရှိလာသော အိန္ဒိယနိုင်ငံသား အသက် ၄၀ နှစ်ရှိ ဆန်ဂျေးဆင်းဆိုသူနှင့်တူညီနေကြောင်း တွေ့ရှိခဲ့ရသည်။ ဆန်ဂျေးဆင်းအား ဥပဒေအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်အထိ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်ပြုခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဌာနမှအရာရှိများက ထပ်မံစစ်ဆေးမှုများပြုရာတွင်မူ ၎င်းမှာ ဆန်ဂျေးဆင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြည်ဝင်ခွင့်ဗီဇာသက်တမ်းလွန်ကာလ၌ ဆက်လက်နေထိုင် အလုပ်လုပ်နိုင်ရန် မြန်မာရွှေ့ပြောင်းအလုပ်သမား ဂျေကာမာ အဖြစ် ပုံစံပြောင်းကာနေထိုင်ခဲ့ခြင်းကို တွေ့ရှိခဲ့ရသည်။

စစ်ဆေးမှုများအရလည်း ဆင်းက ၎င်း၏ပြည်ဝင်ခွင့်ရက်လွန်သက်တမ်းကာလတွင် အထောက်အထားအတုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးသဖွယ် ဟန်ဆောင်နေထိုင်ကာ အလုပ်ကိုင်နေမှုကို ဝန်ခံခဲ့သည်။

ဆန်ဂျေးဆင်းအား ထိုင်းနိုင်ငံတွင်း ဗီဇာခွင့်ပြုသက်တမ်းရက်လွန်နေထိုင်မှုဖြင့်တရားစွဲကာ ရဲအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *