October 19, 2024

၃. ၂. ၂၀၂၄
Written By Thandar

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားကြတဲ့ အဆိုတော်တွေဖြစ်တဲ့ ထွန်းနောင်ဆင့်နဲ့ နန့်ချစ်နဒီဇော်တို့ မင်္ဂလာပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ Dream Center Myanmar ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော် ဒီနေ့အတွက် ဆုတောင်းလာခဲ့တာ အရမ်းကို ကြာခဲ့ပါပြီ။ အရမ်းလည်း စိုးရိမ်ခဲ့ရတယ်။ အရမ်းပူပန်ခဲ့ရတယ်။ အကောင်းဆုံး မင်္ဂလာပွဲလေး ပြီးစီးပေးလို့ ရှေးဦးစွာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းတယ်။ ဒါ့ပြင် ခုလိုချစ်စရာကောင်းတဲ့ ကောင်မလေးကို ပေးအပ်ခဲ့လို့ပါ။ အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်ပေမယ့် ကျွန်တော်တို့ နှစ်ယောက်ကို ချစ်ခင်စွာအားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ အဆိုတော် ထွန်းနောင်ဆင့်က MT Entertainment ကို ပြောပါတယ်။
 
သူတို့ နှစ်ယောက်ဟာ ချစ်သူ သက်တမ်း ၅ နှစ်ရှိပြီဖြစ်တာမို့ ယခုလို နှစ်ဖက်မိဘတွေရှေ့မှာ မင်္ဂလာပွဲလေးကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ထွန်းနောင်ဆင့်နဲ့ နန့်ချစ်နဒီဇော်တို့က ၂၀‌၂၃ ခုနှစ် သြဂုတ် ၂၈ ရက်နေ့က  နှစ်ဖက်မိဘတွေရှေ့မှာ စေ့စပ်ကြောင်း လမ်းခဲ့ကြပြီလည်း ဖြစ်ပါတယ်။

နန့်ချစ်နဒီဇော်ကတော့ ၂၀၁၃ ခုနှစ်က အိပ်မက်ဆုံရာ Season 4 ပြိုင်ပွဲမှာ 1st Runner Up ဆုနဲ့ စာမျက်နှာသစ် ဇာတ်လမ်းတွဲ ၊ Dancing with The Stars ပြိုင်ပွဲမှာ Winner ဆုတွေလည်း ပါဝင်ခဲ့သလို တေး သီချင်းတွေလည်း ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

“နန့်ချစ်ကို Forever Group ရဲ့ Party ပွဲလေးတစ်ခုမှာ စတွေ့ခဲ့တာပါ။ အဲ့ဒီတုန်းက တစ်ယောက်နဲ့တစ်ယောက် သိပ်မခင်ကြဘူး။ နောက်ပိုင်းကြာတော့မှ နည်းနည်းရင်းနှီးလာတယ်။ သူ့က နန့်ချစ်ကို ပထမက အဆိုတော်လို့လည်း မသိပါဘူး။ သရုပ်ဆောင်လို့ပဲ ထင်ခဲ့တာပါ။ ခုကတော့ နှစ်ယောက်ရဲ့ အမှတ်တရနေ့လေး ဖြစ်ခဲ့ပါပြီ ”လို့ အဆိုတော် သရုပ်ဆောင် နန့်ချစ်နဒီဇော်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *