October 19, 2024

MT News
၃. ၁. ၂၀၂၄

အစ္စရေးနှင့်ဟားမားစ်တို့ ပဋိပက္ခအတွင်း ပိတ်မိခဲ့ကြသည့် မြန်မာနိုင်ငံသားများကို အချိန်မီကယ်တင်နိုင်ခဲ့သည့်နည်းတူ အီရတ်နိုင်ငံ အကျပ်အတည်းများအတွင်း ပိတ်မိနေကြသော မြန်မာနိုင်ငံသား အမျိုးသမီးသုံးဦးကို နိုင်ငံတော်၏စေတနာဖြင့် ပြန်လည်ကယ်ဆယ်ခေါ်ဆောင်နိုင်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဘဂ္ဂဒက်-ဒူဘိုင်း-ဘန်ကောက်-ရန်ကုန်ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား အမျိုးသမီးသုံးဦးကို အမိနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ဆောင်နိုင်ရန် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးက အီရတ်အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကာ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီး သုံးဦးမှာ စစ်တွေမြို့မှ မဟန်နီထွန်း၊ ပုဏ္ဏားကျွန်းမြို့မှ မမြတ်အေးစံ (ခ)ဝေဝေနှင့် မြောက်ဦးမြို့မှ မသန်းနွယ်ဌေးတို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံထံ ပြန်လည်ရောက်ရှိသည့် အမျိုးသမီးသုံးဦးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာအုပ်ထိန်းသူများထံ အပ်နှံသွားမည်ဖြစ်သည်။ (Photo- MOI)

Leave a Reply

Your email address will not be published. Required fields are marked *