October 20, 2024

၃. ၂. ၂၀၂၄
Written by Pan Ei

ဒီနေ့မနက်အစောပိုင်းက မလေးရှားနိုင်ငံ Seri Kembangan မြို့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အလုပ်သမားတွေအတွက် အချက်အချာကျတဲ့ ဆီလန်ဂေါ လက်ကားဈေးကြီးကို လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ရောက်စီးနင်းရာမှာ နိုင်ငံခြားသား ၅၃၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၂၇၇ ဦး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒီမနက် ၃ နာရီလောက်က စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း နိုင်ငံခြားသားတွေက အာဏာပိုင်တွေရဲ့ လက်က လွတ်မြောက်ဖို့ ကြိုးစားကြရာမှ လမ်းဖြတ်ကူးသူတွေ၊ လမ်းမအလယ်ကို ပရမ်းပတာ ထွက်ပြေးကြသူတွေနဲ့ ဈေးအတွင်းအခြေအနေ ကမောက်ကမ ဖြစ်ခဲ့ရပြီး ရေမြောင်းအတွင်း ၂ နာရီလောက် ပုန်းအောင်းခဲ့ကြတဲ့ သူတွေလည်း ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အမျိုးသား ၅၀၄ ဦးနဲ့ အမျိုးသမီး ၂၆ ဦး ပါဝင်တဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၃၀ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား (၂၇၇)ဦး၊ ဘင်္ဂလားဒေ့ရှ် (၉၄)ဦး၊ အိန္ဒိယ (၇၂)ဦး၊ အင်ဒိုနီးရှား (၃၉)ဦး၊ နီပေါ (၁၅)ဦး၊ သီရိလင်္ကာ (၉)ဦး၊ ပါကစ္စတန် (၆)ဦးနဲ့ ဗီယက်နမ်နိုင်ငံသားတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ဆက်လက်စစ်ဆေးဖို့နဲ့ စုံစမ်းစစ်ဆေးဖို့ ဆီလန်ဂေါလူဝင်မှုကြီးကြပ်ရေးဌာနရုံးကို ခေါ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Ref; Malaymail

Leave a Reply

Your email address will not be published. Required fields are marked *