၃. ၂. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Clearwater မြို့ရှိ ရွှေ့ပြောင်းနိုင်သော အိမ်တစ်လုံးပေါ် သို့ လေယာဉ်ငယ်တစ်စီး ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီ ၈ မိနစ်တွင် ပျက်ကျခဲ့ရာ အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ရကြောင်းနှင့် လေယာဉ်ပျက်ကျမှုကြောင့် မီးလောင်ကျွမ်း မှုဖြစ်ပွားကာ အနီးရှိ အိမ်များလည်းထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောခဲ့ကြသည်။
လေယာဉ်ပျက်မှုကြောင့် သေဆုံးရသူသုံးဦးတွင် လေယာဉ်မှူးနှင့် မြေပြင်မှ လူနှစ်ဦးတို့ပါဝင်ကြောင်း လည်း ပြည်ထောင်စု လေကြောင်းပျံသန်းရေးထိန်းချုပ်မှုဌာနက ပြောခဲ့သည်။ ပျက်ကျခဲ့သောလေယာဉ်ပေါ် တွင်မူ လိုက်ပါလာသူတစ်စုံတစ်ဦးမျှမရှိဟု သတင်းများအရသိရသည်။
ပျက်ကျခဲ့သော လေယာဉ်ငယ်မှာ အင်ဂျင်စက်တစ်လုံးတပ် Beechcraft Bonanza V35 လေယာဉ်အမျိုးအစားဖြစ်ကြောင်းကိုလည်း ပြည်ထောင်စု လေကြောင်းပျံသန်းရေးထိန်းချုပ်မှုဌာနက အတည်ပြုခဲ့သည်။ လေယာဉ်က ရွှေ့ပြောင်းနိုင်သော အိမ်တစ်လုံးတည်းအပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သော်လည်း အနည်းဆုံး အခြားအိမ်နှစ်လုံးထိခိုက်ပျက်စီးခဲ့ရသည်ဟု သတင်းများကဖော်ပြခဲ့သည်။
လေယာဉ်ပျက်ကျမှုမဖြစ်ပွားမီ လေယာဉ်မှူးက Clearwater နိုင်ငံတကာလေဆိပ်သို့ လေယာဉ်မှာတစ်စုံ တစ်ရာ ချွတ်ယွင်းမှုနှင့် ကြုံနေရကြောင်း သတင်းပို့ခဲ့သည်ဟု ပြည်ထောင်စု လေကြောင်းပျံသန်းရေး ထိန်းချုပ်မှုဌာန၏ ကြေညာချက်တွင်ပြောခဲ့သည်။လေကြောင်းအချက်ပြမျှော်စင်နှင့် ဆက်သွယ်စကား ပြောနေစဉ်မှာပင် လေယာဉ်က ရေဒါမြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်ဟုဆိုသည်။ ထိုစဉ်က လေယာဉ်ငယ်မှာ ပြေးလမ်းမြောက်ဘက် သုံးမိုင်အကွာတွင် ရောက်ရှိနေကြောင်းလည်း သိရသည်။
ပြည်ထောင်စုလေကြောင်းပျံသန်းရေးထိန်းချုပ်မှုဌာန၏ ကြေညာချက်တွင် အင်ဂျင်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်းဖော်ပြထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟုဆိုသည်။
Ref- CBS